ကလော နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ် (တောင်ပိုင်း)ကလောမြို့နယ် ဝါးရုံပင်ကျေးရွာရှိ စီမံကိန်းသီးနှံ(သက်တံ့ရောင် စီမံကိန်း) စိုက်ပျိုးလျက်ရှိသည့် ရွှေရင်အေး မျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်း သမဝါယမအသင်း လီမိတက်၏ (GW – 11) မိုးစပါး ရိတ်သိမ်းနေမှုကို ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
လမ်းညွှန်မှာကြား
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက (GW – 11) မိုးစပါးရိတ်သိမ်းနေသည့် ရွှေရင်အေးမျိုးစေ့ ထုတ်လုပ်ရေးလုပ်ငန်း သမဝါယမ အသင်းလီမိတက်မှ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် စပါးရိတ်သိမ်း နေသည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ တစ်ဧကလျှင်ပျမ်းမျှ တင်း ၁၃၀ ထွက်ရှိကြောင်း၊ အသင်းမှ လိုအပ်သည့် ငွေကြေးအရင်းအနှီးနှင့် စျေးကွက်ပိုမိုရရှိစေရေးအတွက် သက်ဆိုင်ရာ မြို့နယ်သမဝါယမ အသင်းစုနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပြီး သမဝါယမကဏ္ဍမှ စီမံကိန်း သီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ကြိတ်ခွဲဖြန့်ဖြူးမှု လုပ်ငန်းစဉ်များ အောင်မြင်အောင် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကျော်ဝင်း(ကလော)


