နေပြည်တော်   နိုဝင်ဘာ  ၁၈

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ် လမ်းကြောင်းများမှ  တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့-ရွှေကုက္ကိုလ်  မဲ့ထော်သလေး (KK Park)နှင့် ကျောက်ခတ်နယ်မြေများတွင်  အွန်လိုင်းလောင်းကစားမှုများ၊  အွန်လိုင်း လိမ်လည်မှုများအပါအဝင်  ဒုစရိုက် မှုများ ကျူးလွန်ခဲ့ကြသည့် အိန္ဒိယ နိုင်ငံသား ၂၆၉ ဦး၊   လာအိုနိုင်ငံ သား ၃၁ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၆ ဦးနှင့်  တောင်ကိုရီးယားနိုင်ငံသားတစ်ဦး စုစုပေါင်း ပြည်ပနိုင်ငံ သား ၃၁၇ ဦးတို့အား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။

ဦးစွာ    ကရင်ပြည်နယ်အစိုးရအဖွဲ့  လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့်    အဆင်ပြေချောမွေ့စေရေးအတွက်  လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထို့နောက်    ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်းနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ   Counsellor  Mr. Pranav Ganesh နှင့် တာဝန်ရှိ သူများ၊ ထိုင်းနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံရုံးမှ  Second Secretary Mr. Bounkham Manivan  နှင့်   တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးမှ  First Secretary Mr. LE Trung Kienနှင့် တာဝန်ရှိသူများ၊  ထိုင်းနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သမ္မတနိုင်ငံ သံရုံးမှ     Counsellor Mr. Rhee Wuchan နှင့်  တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ   တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြပြီး  မြန်မာနိုင်ငံမှ   တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံများမှ  တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ  အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျ   လွှဲပြောင်းပေးအပ်သည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ နိုဝင်ဘာ ၁၈ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့်  ပြည်ပနိုင်ငံ သား  စုစုပေါင်း ၁၀၈၄၀ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၉၈၅၃ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျ ပြည်နှင် လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၉၈၇ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန် စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အနေဖြင့်   Online Scam Center   လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ    ကြိုးကိုင်သော နိုင်ငံခြားသားများကို    ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး   အိမ်နီးချင်းနှင့်   ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့်  ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့်  နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့   အမြန်ဆုံးပြည်နှင် လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

သတင်းစဉ်