ဆာနား  နိုဝင်ဘာ  ၂၀

ယီမင်နိုင်ငံရှိ ဟူသီအုပ်စုကဖမ်းဆီးထားသော ကုလသမဂ္ဂဝန်ထမ်းများကို ချက်ချင်းပြန်လွှတ်ပေးရေး ကုလသမဂ္ဂ အထူးသံတမန်က ၎င်း၏ အိုမန်နိုင်ငံသို့  လာရောက်သည့်   ခရီးစဉ်အတွင်း   တိုက်တွန်းပြောကြားခဲ့ကြောင်း နိုဝင်ဘာ ၁၉ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါခရီးစဉ်အတွင်း ယီမင်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ  အထူးသံတမန်   ဟန့်စ်ဂရင်းဘတ်ဂျ်သည်    အိုမန်နိုင်ငံ  မတ်စကပ်မြို့၌ အိုမန်အဆင့်မြင့်အရာရှိကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ယီမင်နိုင်ငံ၌ လက်ရှိ ဖွံ့ဖြိုးတိုးတက်မှုများနှင့် ဆယ်စုနှစ်တစ်စုကြာ ဖြစ်ပွားနေသည့် ပဋိပက္ခများကို အဆုံးသတ်နိုင်ရေးရည်ရွယ်၍ နိုင်ငံရေးလုပ်ငန်းစဉ်များအတွက် ကြိုးပမ်းမှုများကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

ကုလသမဂ္ဂ၏ ကြားဝင်စေ့စပ်ပေးရေးလုပ်ငန်းများတွင်   အိုမန်နိုင်ငံ၏ တစိုက်မတ်မတ်ထောက်ပံ့ပေးမှုများအတွက် ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပြီး  ယီမင်နိုင်ငံ၌ နိုင်ငံရေးအရ အခြေကျစေရေး လမ်းခင်းပေးရန် ဒေသတွင်းနှင့်နိုင်ငံတကာ၏ ကျောထောက်နောက်ခံလိုအပ်ကြောင်း      အလေးပေးပြောကြားခဲ့သည်။ 

ဟူသီစေ့စပ်ညှိနှိုင်းရေး အကြီးအကဲဖြစ်သူ မိုဟာမက် အဗ္ဗဒယ်ဆလမ်နှင့် ဆွေးနွေးစဉ်အတွင်း ဟူသီအုပ်စုက ဖမ်းဆီးထားသည့် ကျန်ရှိနေသေးသည့် ကုလသမဂ္ဂဝန်ထမ်းများ အားလုံးကို  ပြန်လွှတ်ပေးရေး  တောင်းဆိုခဲ့သည်။

အောက်တိုဘာလအတွင်းက အီရန်နှင့် အိုမန်နိုင်ငံတို့၏  ကြားဝင်စေ့စပ်ပေးမှုဖြင့်  ကုလသမဂ္ဂ  နိုင်ငံခြားသားဝန်ထမ်း ၁၂ ဦးကို ပြန်လွှတ်ပေးခဲ့သည်။ ဟူသီအကျဉ်းထောင်များ၌    ကျန်ရှိနေသည့်      ကုလသမဂ္ဂဝန်ထမ်းများမှာ ယီမင်နိုင်ငံသားများဖြစ်ကြသည်။

ဆင်ဟွာ