နိုဝင်ဘာ  ၂၁

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် လူနေရပ်ကွက်တစ်ခုရှိ ဓာတုစက်ရုံတစ်ခုတွင် ယနေ့နံနက်ပိုင်းက ဘွိုင်လာပေါက်ကွဲမှုကြောင့် လူ ၁၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

အဆိုပါပေါက်ကွဲမှုသည် ဖိုင်ဆာလာဘတ်မြို့တွင် ဒေသစံတော်ချိန် နံနက် ၅ နာရီ ၃၀ မိနစ် ခန့်က ဖြစ်ပွားခဲ့ပြီး မီးအကြီးအကျယ်လောင်ကျွမ်းကာ စက်ရုံတစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်များက ဆင်ဟွာသို့ ပြောကြားသည်။

မီးသတ်သမားများသည် အနီးအနားရှိအိမ်များသို့ မီးကူးစက်မှုမရှိစေရန် မီးလောင်ကျွမ်းမှုကိုထိန်းချုပ်ရန် လုပ်ဆောင်လျက်ရှိသည်ဟု ၎င်းတို့က ထပ်လောင်းပြောကြားသည်။

ထိုပေါက်ကွဲမှု၏သက်ရောက်မှုကြောင့် အနီးနားရှိနေအိမ်များစွာ၏ နံရံများနှင့် အမိုးများ ပြိုကျခဲ့ကြောင်း၊ သေဆုံးသူနှင့် ဒဏ်ရာရရှိသူအများစုသည် နေအိမ်များတွင် နေထိုင်သူများဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ပြောကြားချက်အရ သိရသည်။

ဒဏ်ရာရရှိသူများကို အနီးအနားရှိဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူအများအပြား စိုးရိမ်ရသောအခြေအနေတွင် ရှိနေကြောင်း သိရသည်။

ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်ပြီး စက်ရုံအတွင်း လူအများအပြား ပိတ်မိနေသည်ဟု ယူဆရသဖြင့် ထိခိုက်ဒဏ်ရာရသူအရေအတွက် မြင့်တက်လာနိုင်သည်ဟု ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို