ထားဝယ် နိုဝင်ဘာ ၂၁

 

၁၃၈၇ ခုနှစ် နတ်တော်လဆန်း ၁ ရက်တွင် ကျရောက်သည့် ထားဝယ်တိုင်းရင်းသားတို့၏ အဋ္ဌမအကြိမ် ထားဝယ်အမျိုးသားနေ့အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ထားဝယ်မြို့ တလိုင်းမရပ် ကမ်းနားလမ်း ပြည်သူ့အပန်းဖြေရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 

စိုက်ထူပြီး အလေးပြု

ဦးစွာ ထားဝယ်အမျိုးသားအလံအား ထားဝယ်လူမျိုးစုစည်းမှုကော်မတီ(ဗဟို)အဖွဲ့က စင်မြင့်ထက်တွင် စိုက်ထူပြီး အလေးပြုကြသည်။

 

ထို့နောက် ထားဝယ်လူမျိုးစုစည်းမှုကော်မတီ (ဗဟို) နာယကဆရာတော် ဘဒ္ဒန္တ ဣန္ဒောဘာသနှင့် ဇေယျဝတီစာသင်တိုက် တိုက်ကြပ်ဆရာတော် ဘဒ္ဒန္တ နန္ဒဝံသတို့က သြဝါဒကထာ မြွက်ကြားပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ဖတ်ကြား၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်က ပေးပို့လာသော သဝဏ်လွှာကို တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက ဖတ်ကြားသည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီးက ထားဝယ်အမျိုးသားနေ့အတွက် လှူဒါန်းသော ငွေကျပ် ၇၅ သိန်းကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ပေးအပ်ရာ ထားဝယ်လူမျိုးစုစည်းမှု ကော်မတီ(ဗဟို)ဥက္ကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။

 

ဆက်လက်၍ ထားဝယ်အမျိုးသားစွမ်းဆောင် ရည်ဆုရရှိသည့် ဇောတိကာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနာရဒနှင့် ဦးအောင်စိုး(သင်္ဂဟ)တို့အား ထားဝယ်လူမျိုးစုစည်းမှုကော်မတီ(ဗဟို) ဥက္ကဋ္ဌဦးအောင်မျိုးက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး ထားဝယ်အမျိုးသားနေ့ဖြစ်ပေါ်လာပုံနှင့် အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားကာ ကော်မတီ(ဗဟို) အထွေထွေအတွင်းရေးမှူး ဦးညွန့်ဝင်းက ထားဝယ်အမျိုးသားနေ့ကျင်းပနိုင်ခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားသည်။

 

ကပြဖျော်ဖြေ

ထို့နောက် ထားဝယ်ရိုးရာယဉ်ကျေးမှုအကအဖွဲ့များက ရေအိုးရွက်အက၊ တစ်ပင်တိုင်အက၊ ယမ်းအက တေးသီချင်းများဖြင့် သီဆိုဧည့်ခံကပြ ဖျော်ဖြေသည်။

 

ထို့ပြင် ထားဝယ်အမျိုးသားနေ့အခမ်းအနားသို့ လာရောက်ကြည့်ရှုသူများကို ထားဝယ်ဂီတအနု ပညာရှင်များနှင့် ဝါသနာရှင်များက စတိတ်ရှိုးဖျော်ဖြေရေး အစီအစဉ်များဖြင့် သီဆိုဧည့်ခံဖျော်ဖြေကာ ကမ်းနားလမ်းတစ်လျှောက်တွင် ဈေးရောင်းပွဲတော်၊ စတုဒိသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)