နေပြည်တော် နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီတော် ပရိဝုဏ်အတွင်း၌ တည်ထားကိုးကွယ်တော်မူသော မဟာဗောဓိစေတီတော် ရတနာစိန်ဖူးတော်၊ ရွှေထီးတော်တင်လှူပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်၌ ပြုလုပ်ရာ နိုင်ငံတော် သံဃနာယကအဖွဲ့ အဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဇမ္ဗူအေး အေတီတပ်ဦးကျောင်း ဦးစီး ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဥတ္တမ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦးနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဇမ္ဗူအေး အေတီတပ်ဦးကျောင်း ဦးစီးပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များထံ အမွှေးနံ့သာရည်၊ ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ပန်း၊ ပရိတ်ချည်များ၊ ရတနာ စိန်ဖူးတော်နှင့် ရွှေထီးတော်ဘုံအဆင့်၊ လှူဖွယ်ပစ္စည်း များကို ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများသည် သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ဥပါသကာများက ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ပန်း၊ ပရိတ်ချည်များယူဆောင်၍ မဟာဗောဓိစေတီတော် မြတ်ကြီး ရင်ပြင်တော်တွင် ပက်ဖျန်းပူဇော်ကြကာ ဇမ္ဗူအေး အေတီတပ်ဦးကျောင်း ဦးစီးပဓာနနာယက ဆရာတော်ထံမှ ရေစက်သွန်းတရားတော်နှင့် အနုမောဒနာတရားတော်များ နာယူကြည်ညိုကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရတနာစိန်ဖူးတော်နှင့် ရွှေထီးတော် ဘုံအဆင့်တို့ကို ပင့်ဆောင်၍ မဟာဗောဓိစေတီတော် မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ကြပြီး စေတီတော်မြတ်ကြီးအထွတ်သို့ တင်လှူပူဇော်ကြကာ ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကြသည်။ ယင်းနောက် သံဃာတော်များ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မဟာဗောဓိပင် စိုက်ပျိုး၍ ဗောဓိညောင်ရေ သွန်းလောင်းကြပြီး သံဃာတော်များက ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး ဆက်ကပ်လှူဒါန်း အမျှအတမ်း ပေးဝေခဲ့ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


