နေပြည်တော် နိုဝင်ဘာ ၂၃

 

မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထား တိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ အပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့များသည် အွန်လိုင်းလိမ်လည် လောင်းကစားမှုများကို အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် KK Park နယ်မြေအတွင်းရှိ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော တရားမဝင်အဆောက်အအုံများအား ဝင်ရောက်ရှာဖွေရှင်းလင်းခြင်း၊ ဖြိုချဖျက်ဆီးခြင်းများနှင့် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ အွန်လိုင်းလောင်းကစားမှုနှင့် လိမ်လည်မှုများကျူးလွန်ခဲ့သည့် ပြည်ပနိုင်ငံသားများအား ဖော်ထုတ်ထိန်းသိမ်းခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ မြဝတီ-မဲ့ထော်သလေး (KK Park) နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုလျက်ရှိသည့် အဆောက်အအုံ ၆၃၅ လုံး ရှိသည့်အနက် ယနေ့တွင် ၁၁ လုံးကို ဆက်လက်ဖြိုချဖျက်ဆီးခဲ့ရာ ယနေ့အထိ တရားမဝင်အဆောက်အအုံ ၂၁၇ လုံး ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသေးသည့် တရားမဝင်အဆောက်အအုံများကို ဆက်လက်ဖြိုချ ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။ 

 

အလားတူ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌လည်း ရှင်းလင်းဖော်ထုတ်မှုများကို နိုဝင်ဘာ ၁၈ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့ ၆ ရက်မြောက်နေ့တွင်လည်း ရွှေကုက္ကိုလ်နယ်မြေ အဆောက်အအုံ ၃၃ လုံးအတွင်း ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသူများအား တွေ့ရှိရခြင်းမရှိဘဲ ၎င်းတို့ အသုံးပြုသည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ မိုဘိုင်းဖုန်းများကိုလည်း တစ်ပါတည်း ဖြုတ်သိမ်းယူဆောင်သွားကြောင်း သိရသည်။

 

ထို့ပြင် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများ ကျူးလွန်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင် ပုန်းအောင်းနေထိုင်လျက်ရှိကြသည့် တရုတ်နိုင်ငံသား ၆၅ ဦး၊ ဗီယက်နမ်နိုင်ငံသား ရှစ်ဦး၊ မလေးရှားနိုင်ငံသား တစ်ဦး၊ ကင်ညာနိုင်ငံသား ၁၃ ဦး၊ အီသီယိုးပီးယားနိုင်ငံသား လေးဦး၊ အင်ဒိုနီးရှားနိုင်ငံသား ခြောက်ဦး၊ ယူဂန်ဒါနိုင်ငံသား ခြောက်ဦး၊ နီပေါနိုင်ငံသား တစ်ဦး၊ အိန္ဒိယနိုင်ငံသား ၂၀၊ ဇင်ဘာဘွေနိုင်ငံသား တစ်ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ခုနစ်ဦး၊ ရဝမ်ဒါနိုင်ငံသား နှစ်ဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား သုံးဦး၊ ထိုင်းနိုင်ငံသား ငါးဦး၊ ကာဇစ္စတန်နိုင်ငံသား တစ်ဦး၊ ဥဇဘတ်ကစ္စတန်နိုင်ငံသား တစ်ဦး၊ ဘီနင်နိုင်ငံသား တစ်ဦး၊ ဘူယွန်ဒီနိုင်ငံသား ရှစ်ဦး၊ တိုဂိုနိုင်ငံသား တစ်ဦး၊ စင်ကာပူနိုင်ငံသား တစ်ဦး စုစုပေါင်း ၁၅၆ ဦး တို့ကို ယနေ့တွင် ထပ်မံစစ်ဆေး ဖော်ထုတ်ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့သည်။ ထို့ကြောင့် ရွှေကုက္ကိုလ်နယ်မြေအတွင်း စုစုပေါင်း ဖော်ထုတ်ရှင်းလင်းမှုများအရ နိုဝင်ဘာ ၁၈ ရက်မှ ယနေ့အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၇၄၆ ဦးနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၂၈၉၃ လုံး၊ မိုဘိုင်းဖုန်း အလုံး ၂၁၇၅၀၊ star Link ဘန်း ၁၀၁ လုံး၊ Router ၂၁ လုံးနှင့် လုပ်ငန်းသုံးပစ္စည်းအများအပြားကို စိစစ်တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ဖော်ထုတ်ရှင်းလင်းခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများအားမြဝတီမြို့နယ် ပူလွဲပူကျေးရွာအုပ်စု ရွှေကုက္ကိုလ်မြိုင်ကျေးရွာအတွင်း လုံထင်းဝန်းရှိ အဆောက်အအုံ၌ ထိန်းသိမ်းထားရှိပြီး တရားမဝင်ပြည်ပနိုင်ငံသား စစ်ဆေးရေးအဖွဲ့ကစစ်ဆေးခဲ့ရာ ယနေ့တွင် ပြည်ပနိုင်ငံသား ၂၈၈ ဦးကို စစ်ဆေးနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည် လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

 

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ နိုဝင်ဘာ ၂၃ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၂၅၈၆ ဦး ထိန်းသိမ်းနိုင်ခဲ့ကာ ၁၂၁၄၃ ဦးကို စစ်ဆေးခဲ့ပြီး ၎င်းတို့အနက်မှ ၉၉၇၈ ဦးကို ထိုင်းနိုင်ငံ မှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပ နိုင်ငံသား ၂၆၀၈ ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်း သိရသည်။

 

နိုင်ငံတော် အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်