ရန်ကုန် နို၀င်ဘာ ၂၃
အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် Myanmar Martial Art Group(MMAG)တို့ပူးပေါင်းစီစဉ်မှုဖြင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်က အဓိကပံ့ပိုးကူညီကာ Myanmar Fight မျိုးဆက်သစ်မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲများ ကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူအားကစားရုံ၌ တွဲဆိုင်းကိုးဆိုင်း ကျင်းပရာ သုံးပွဲနိုင်၊ ခြောက်ပွဲသရေကျခဲ့သည်။
အဆိုပါသုံးချီပြိုင်ပွဲများတွင် မြတ်မင်းသန့်(YMA)က နိုင်းနိုင်း(အိုပါး)ကို လက်သီးတွဲလုံးများကြောင့် တတိယအချီ၌ နိုင်းနိုင်းအမှတ် စဉ်နှစ်ကြိမ်ရေခံရပြီးမယှဉ်ပြိုင်နိုင်၍ မြတ်မင်းသန့် အလဲထိုးအနိုင်ရရှိ သွားသည်။ ရာဇာထွန်း(RAY)နှင့် Star (HOC)တို့ ပြိုင်ပွဲတွင် Star၏ လက်သီးကြောင့် ရာဇာထွန်း ဒုတိယအချီတွင် အနားတောင်းခဲ့ရပြီး တတိယအချီတွင် နှစ်ဦးစလုံးအလူးအလဲဖြင့်ပူးတွဲသရေကျခဲ့သည်။
စောအယ်ဟဲစိုး (WARRIORS)က နိုင်ဖြိုးအောင် (RAY)ကို ခြေကန်ချက်၊ လက်သီးများကြောင့် ဒုတိယအချီတွင် နိုင်ဖြိုးအောင် ကိုအလဲထိုးအနိုင်ရရှိသွားသည်။
မိုးကြိုး(ပဲခူးကလပ်)နှင့် နိုင်ဇင်ဦး(ကျားဘုရင်)၊ ထက်ထက်(ရွှေပေါက္ကံ)နှင့် စိုးကြီး(အိုပါး)၊ ဆလိုင်းခရာတ်(YMA)နှင့် ငရဲ(SMART-FIGHT)၊ အေယားစ်ခန်း(ဇာထက်မိတ္ထီလာ) Star(HOC)နှင့် ငွေဆန်းမင်း(Top -1)၊ ဝေယံမင်းသူ(ပဲခူးကလပ်)နှင့် ရဲမိုက်တီး(MK-1)တို့ပြိုင်ပွဲများတွင် သူတင် ကိုယ်တင် ထိုးခဲ့ကြသော်လည်း အလူးအလဲဖြင့် ပူးတွဲသရေဖြစ်ခဲ့သည်။ ဒေါင်းမိုက်သွေး(Top -1)နှင့် လယ်တာမလာ (RAY)တို့ပြိုင်ပွဲတွင် သူတစ်ပြန်ကိုယ်တစ်ပြန်ထိုးခဲ့ကြရာ တတိယအချီတွင် လယ်တာမလာ ဒဏ်ရာအနာတရဖြစ်ကာ ဆရာ၀န်၏ ဆုံးဖြတ်ချက်ဖြင့် လယ်တာမလာအရှုံးပေး လိုက်ရသည်။
မျိုးဆက်သစ်လက်ဝှေ့သမားများတွင် ရွက်ပုန်းသီးလက်ဝှေ့ထူးချွန်သူများစွာရှိနေပြီး ထိုမျိုးဆက်သစ်များကို မြေတောင်မြှောက်စင်တင်ပေးမည့်အခွင့်အရေးကို ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က စီစဉ်ပေးလိုက်ခြင်းဖြစ်သည်။
ဗလ


