ကင်ဘာရာ   နိုဝင်ဘာ   ၂၃

ဩစတြေးလျနိုင်ငံတွင် ပညာသင်ကြားနေသည့်   နိုင်ငံတကာကျောင်းသားများအနေဖြင့် ၎င်းတို့ ၏ ဘဏ်အကောင့်များနှင့် ကိုယ်ရေးအချက်အလက်များကို ရာဇဝတ်ဂိုဏ်းများသို့ ရောင်းချခြင်းမပြုရန်  တာဝန်ရှိသူများက  သတိပေး‌ခဲ့ကြောင်း သိရသည်။

နိုင်ငံတကာမှ ကျောင်းသားများအား ငွေကြေးမက်လုံးပေး၍ ဘဏ်အကောင့်များနှင့် ကိုယ်ရေးအချက်အလက်များကို   ရာဇဝတ်ဂိုဏ်းများက ဝယ်ယူနေကြောင်း ဩစတြေးလျရဲတပ်ဖွဲ့ ဆိုက်ဘာ မှုခင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစင်တာက ပြောကြားသည်။ နိုင်ငံအတွင်းမှ  ထွက်ခွာမည့် ကျောင်းသားတစ်ဦး၏   ဘဏ်အကောင့်တစ်ခုအတွက် ဩစတြေးလျဒေါ်လာ ၅၀၀ အထိ ပေးအပ်၍ ရာဇဝတ်ဂိုဏ်းများက ဝယ်ယူနေပြီး ၎င်းဘဏ်အကောင့်များအား ငွေကြေးခဝါချမှုနှင့် လိမ်လည်မှုကျူးလွန်ရာတွင် အသုံးပြုကြောင်း သိရသည်။

အကယ်၍ ကျောင်းသားတစ်ဦးအနေဖြင့် ၎င်း၏ ဘဏ်အကောင့်အား ရောင်းချခဲ့ပါက ပြည်ဝင်ခွင့် ဗီဇာရုပ်သိမ်းခြင်းပြစ်ဒဏ်ကို ခံရမည်ဖြစ်ကြောင်း သိရသည်။ 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ