နေပြည်တော်   နိုဝင်ဘာ   ၂၃

၂၀၂၅-၂၀၂၆ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁) မှ ရွှေ့ဆိုင်းထားသော  မဟာယူနိုက်တက် အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းပွဲကို   နိုဝင်ဘာ ၂၂ ရက်က သန်လျင်သီဟဒီပကွင်း၌    ပြန်လည် ကျင်းပရာ ရှမ်းယူနိုက်တက်အသင်းက ငါးဂိုး-တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။

ယခုပွဲမှာ ရှမ်းယူနိုက်တက်အသင်း၏ နိုင်ငံတကာပြိုင်ပွဲကြောင့် ရွှေ့ဆိုင်းထားခြင်းဖြစ်ပြီး ပြန်ကန်ပွဲတွင် အနိုင်ရခဲ့သဖြင့် ဇယားထိပ်ဆုံးနေရာ ပြန်လည်ရယူနိုင်ရန် နီးစပ်လာခဲ့သည်။ ရှမ်းယူနိုက်တက် အသင်းသည် နိုဝင်ဘာ ၂၇ ရက်တွင် ရွှေ့ဆိုင်းပွဲစဉ် နောက်တစ်ပွဲဖြစ်သော ရာမညယူနိုက်တက် အသင်းနှင့် ပြန်ကစားရမည်ဖြစ်ပြီး ယင်းပွဲအနိုင်ရပါက ထိပ်ဆုံးနေရာရယူနိုင်မည်ဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်း ပွဲထွက်လူစာရင်းတွင် နိုင်ငံခြားသားကစားသမား ငါးဦးအထိ ပါဝင်ပြီး ပြည်တွင်းအမာခံကစားသမားအများစုဖြင့် ယှဉ်ပြိုင်ခဲ့သလို မဟာယူနိုက်တက်အသင်းကလည်း လူစုံအသုံးပြုခဲ့သည်။ ပွဲအစ ငါးမိနစ်တွင် စအောင်ပြည့်ကိုက ခေါင်းတိုက်ပြီး ရှမ်းယူနိုက်တက် အသင်းအတွက် အဖွင့်ဂိုးသွင်းယူသော်လည်း ကိုးမိနစ်တွင် ရှမ်းယူနိုက်တက်ဂိုးသမား ပြည့်ဖြိုးသူ အမှားမှတစ်ဆင့် ပက်ထရစ်က မဟာယူနိုက်တက်အသင်းအတွက် ချေပဂိုးပြန်သွင်း ယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် ပွဲမှာအပြန်အလှန်ရှိသော်လည်း ၂၂ မိနစ်တွင် ဆိုဇာက ရှမ်းယူနိုက်တက် အသင်းအတွက် ဒုတိယဂိုးထပ်သွင်းခဲ့သည်။ ဒုတိယပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ပွဲကိုထိန်းချုပ်ကစားသွားပြီး စအောင်ပြည့်ကိုက ၅၉၊ ၈၁ မိနစ်တွင် နှစ်ဂိုးထပ်သွင်းပြီး ဟက်ထရစ်ရခဲ့ကာ နောက်ဆုံးပွဲသိမ်းအနိုင်ဂိုးကို မိနစ် ၉၀ တွင် သက်ဝေမိုးက သွင်းယူခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းသည် ခုနစ်ပွဲကစား ၁၉ မှတ်ရထားပြီး မဟာယူနိုက်တက်အသင်းက ရှစ်ပွဲကစား ရှစ်မှတ်ရရှိထားသည်။

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-MNL