ပရီမီယာလိဂ်ပွဲစဉ် (၁၂) မှ နိုဝင် ဘာ ၂၃ ရက် နံနက်အစောပိုင်းက စိန့်ဂျိမ်းစ်ပတ်ခ်ကွင်း၌ ယှဉ်ပြိုင် ကစားခဲ့သည့် နယူးကာဆယ်နှင့် မန်စီးတီးအသင်းပွဲစဉ်တွင် နယူးကာဆယ်အသင်းက အကြိတ် အနယ်ကစားကာ နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။
နယူးကာဆယ်အသင်းမှ တောင်ပံတိုက်စစ်ကစားသမား ဘားနက်စ် အထူးခြေစွမ်းပြသနိုင်ခဲ့ပြီး နှစ်ဂိုးသွင်းယူနိုင်ခဲ့သည်။
မန်စီးတီးအသင်းသည် အဓိကတိုက်စစ်ကစားသမား ဟာလန်း၊ ချာကီနှင့် ဒိုကူတို့ ဦးဆောင်ကာ နယူးကာဆယ်အသင်းကို ရင်ဆိုင်လာသော်လည်း အဆုံးသတ်သွင်းယူမှုပိုင်း လိုအပ်ချက်ရှိနေသည့်အတွက် ရှုံးပွဲကြုံတွေ့ခဲ့သည်။
နယူးကာဆယ်အသင်းသည် ဘောလုံးပိုင်ဆိုင်မှုပိုင်း အသာမရ ခဲ့သော်လည်း ဂိုးပေါက်တည့်မတ်မှုပိုင်းနှင့် ဂိုးရရှိနိုင်သည့် အခွင့်အရေးဖန်တီးမှုပိုင်းတွင် အသာရခဲ့သည်။ ထို့အပြင် နယူးကာဆယ်အသင်းသည် မန်စီးတီးအသင်းကို အနိုင်ရရှိခဲ့သောကြောင့် စိန့်ဂျိမ်းစ်ပတ်ခ်ကွင်း၌ ခြောက်ပွဲဆက် နိုင်ပွဲရရှိမှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ပြိုင်ဘက်မန်စီးတီးအသင်းက ယခုပွဲစဉ် ရှုံးနိမ့်ခဲ့သည့်အတွက် နိုင်ပွဲဆက်မှုမှတ်တမ်း ရပ်တန့်ခဲ့ရသည်။
ယခုနှစ်ရာသီတွင် အိမ်ကွင်း စွမ်းဆောင်ရည်ကောင်း ပြသထားနိုင်သည့် နယူးကာဆယ်အသင်းသည် ယခုပွဲစဉ်တွင်လည်း ထပ်မံခြေစွမ်းကောင်းပြသကာ အရေး ပါသည့်နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့သည်။ နယူးကာဆယ်အသင်းသည် ယခုနှစ်ရာသီ ပရီမီယာလိဂ်အိမ်ကွင်းခြောက်ပွဲတွင် နိုင်ပွဲ လေးပွဲရှိလာပြီဖြစ်သည်။ သို့သော်လည်း အဝေးကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ခြောက်ပွဲတွင် နိုင်ပွဲရရှိထားခြင်းမရှိဘဲ သုံးပွဲ သရေနှင့် သုံးပွဲ ရှုံးနိမ့်ထားသည်။ နယူးကာဆယ်အသင်းသည် ပရီမီယာလိဂ် ၁၂ ပွဲကစားပြီး လေးပွဲနိုင်၊ သုံးပွဲသရေနှင့် ငါးပွဲ ရှုံးရလဒ် ရရှိထားသည်။ ပြိုင်ဘက် မန်စီးတီးအသင်းက ခုနစ်ပွဲနိုင်၊ တစ်ပွဲသရေနှင့် လေးပွဲရှုံးရလဒ် ရရှိထားသည်။
အခြားပွဲစဉ် ရလဒ်များတွင် ဘရိုက်တန်က ဘရန့်ဖို့ဒ်ကို နှစ်ဂိုး-တစ်ဂိုး၊ ဖူလ်ဟမ်က ဆန်းဒါးလန်းကို တစ်ဂိုး-ဂိုးမရှိ၊ နော်တင်ဟမ်ဖောရက်စ်က နာမည်ကြီး လီဗာပူးကို သုံးဂိုး-ဂိုးမရှိ၊ ခရစ္စတယ်ပဲလေ့စ်က ဝုဖ်ကို နှစ်ဂိုး-ဂိုးမရှိဖြင့် နိုင်ပွဲအသီးသီးရရှိခဲ့ပြီး ဘုန်းမောက်နှင့် ဝက်စ်ဟမ်းအသင်း ပွဲစဉ်တွင် တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည်။
အောင်ဇော်


