ပုလဲ ၁၈ မတ်
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် လက်တောင်းကြီးကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းခန်းမ၌ မိခင်များအနေဖြင့် မိမိ၏ ကလေးများကို အာဟာရပိုင်းဆိုင်ရာစနစ်တကျ ကျွေးမွေးစောင့်ရှောက်တတ်စေရန်နှင့် မိခင်များ အချင်းချင်း ကလေးပြုစုစောင့်ရှောက်နည်းများကို တစ်ဦးနှင့်တစ်ဦး အမြင်ချင်းဖလှယ်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် မိခင်ဝိုင်းခေါင်းဆောင်နှင့်ပံ့ပိုးကူညီသူများ အသိပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းက နိုင်ငံတော်အနေဖြင့် လူငယ်များအပေါ် ထားရှိသည့် မျှော်လင့်ချက် ကြီးမားခြင်းကြောင့် ကလေးအရွယ်မှစ၍ အရွယ်ရောက်ချိန်အထိ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ပညာရေး ဆုံးခန်းတိုင်အောင် သင်ကြားနိုင်ရေး စီမံပေးခြင်းစသည့် ကိစ္စရပ်များကို နိုင်ငံတော်ဘဏ္ဍာငွေ မြောက်မြားစွာ အကုန်အကျခံ၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလက စစ်ကိုင်းတိုင်းဒေသကြီးသို့ လာရောက်သည့် ခရီးစဉ်တွင် မြင်းမူမြို့နယ်၊ ပုလဲမြို့နယ်၊ ယင်းမာပင်မြို့နယ်များ၌ ဖွင့်လှစ်မည့် မိခင်ဝိုင်း(၁၅)ဝိုင်းအတွက် ထောက်ပံ့ပေးမှုအရ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဌေးက လူကုန်ကူးမှုအန္တရာယ် မဖြစ်ပွားစေရေးနှင့် သက်ငယ်မုဒိန်းမှု မဖြစ်ပွားစေရေး သတိပြုလိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကို ပညာပေး ဆွေးနွေးခဲ့သည်။
ထို့နောက် ပုလဲမြို့နယ်၊ကုက္ကိုစုကျေးရွာမှ မိခင်ဝိုင်းခေါင်းဆောင် ဒေါ်သက်မာလှိုင်က နိုင်ငံ၏ လူသားအရင်းအမြစ်ဖြစ်သော ကလေးများ၏ ဦးနှောက်ဖွံ့ဖြိုးမှု အကောင်းဆုံးအချိန်မှာ စောင့်ရှောက်မှု ပေးနိုင်ရေး၊ ဘက်စုံဖွံ့ဖြိုး၍ ဉာဏ်ရည် ထက်မြတ်သည့် လူသားအရင်းအမြစ်များ ဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့် ရပ်ရွာအခြေပြု မိခင်ဝိုင်းများ ဖွင့်လှစ်နိုင်ရေးအတွက် မိခင်ဝိုင်းခေါင်းဆောင်နှင့် ပံ့ပိုးကူညီသူများ အသိပညာပေးသင်တန်းကို ဖွင့်လှစ်ပေးခြင်းကြောင့် မိခင်ဝိုင်းများကိုယ်စား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ ပုလဲမြို့နယ်အတွင်းရှိ တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ လက်တောင်းကြီးကျေးရွာ၊ ကုက္ကိုစုကျေးရွာနှင့်ကန့်ဒေါင့်ကျေးရွာများမှ သင်တန်းသူ ၈၀ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၅ ရက်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ သင်တန်းနည်းပြ ဆရာမများက ငယ်စဉ်ကလေးဘဝကို ပြန်လည်စဉ်စားခြင်းဘာသာရပ်၊မိခင်ဝိုင်းဖွဲ့စည်းခြင်းအကြောင်း ဘာသာရပ် ပညာပေးဗီဒီယိုမှတ်တမ်းများ ပြသ၍ ဆွေးနွေးခြင်းဘာသာရပ်၊ မိခင်ဝိုင်း တစ်နေ့တာ လုပ်ငန်းစဉ်များဘာသာရပ်၊ ကျန်းမာရေးနှင့် အာဟာရ၊ တကိုယ်ရည်သန့်ရှင်းရေး ကာကွယ်ဆေးအရေးကြီးပုံ ဘာသာရပ်၊ သုံးနှစ်အောက် ကလေးငယ်များအတွက် သင့်တင့်သော ကစားနည်း ဘာသာရပ်၊ ဘာသာစကား ဖွံ့ဖြိုးမှု အရေးပါပုံနှင့် ပုံပြင်ပြောနည်းဘာသာရပ်၊ မိခင်ဝိုင်းပြင်ဆင်ရန် လက်တွေ့ဆောင်ရွက်မှု ဘာသာရပ်များကို ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


