ကြို့ပင်ကောက် ၁၈ မတ်
သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမင်းသိန်းကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ် ရေးမှူး ဦးတင်ကိုကိုက ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် အများပြည်သူတို့၏ အကျိုးစီးပွားနှင့်သက်ဆိုင်သောလုပ်ငန်း များကို လုပ်ကိုင်ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ကိုင်ဆောင်ရွက် တတ်စေရန် ရည်ရွယ်၍ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရပ်/ကျေးစာရေးဝန်ထမ်းများကလည်း အုပ်ချုပ်ရေးမှူးများနှင့်အညီ ရပ်ရွာအကျိုးဖွံ့ဖြိုး တိုးတက်အောင် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဖွား ၈၇၄ ဦးအား လူမှုရေးပင်စင်များထုတ်ပေးရာ တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် သုံးလစာ စုစုပေါင်းငွေကျပ် သိန်းပေါင်း ၂၆၀ ဒသမ ၂၂ ကျပ်ကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူအသီးသီးက သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြောင်း သင်တန်းသို့ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု (၅၉)အုပ်စုမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ပြီး ၅ ရက်ကြာဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)


