နေပြည်တော် နိုဝင်ဘာ ၂၄
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ အပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့များဖြင့် ဝင်ရောက်ရှင်းလင်းခြင်း၊ တရားမဝင်အဆောက်အအုံများအား ဖြိုချဖျက်ဆီးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြဝတီ-မဲ့ထော်သလေး (KK Park) နယ်မြေ အတွင်းရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံများကို အပိုင်းသုံးပိုင်းခွဲ၍ ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ အပိုင်း (၁) နယ်မြေအတွင်းရှိ အဆောက်အအုံ ၁၄၈ လုံးကို အားလုံးဖြိုချဖျက်ဆီး ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ထို့နောက် အပိုင်း (၃) နယ်မြေအတွင်းရှိ အဆောက်အအုံများကို နိုဝင်ဘာ ၁၇ ရက်မှစတင်၍ ဖြိုချဖျက်ဆီးလျက်ရှိရာ ယနေ့တွင် တရားမဝင်အဆောက်အအုံ ၁၁ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် အပိုင်း (၃) နယ်မြေအတွင်းရှိ အဆောက်အအုံ ၄၂၅ လုံးအနက် ယနေ့အထိ အလုံး၈၀ ဖြိုချဖျက်ဆီး ခဲ့ကြောင်းနှင့် KK Park နယ်မြေ အတွင်းရှိ တရားမဝင်အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံးအနက် ၂၂၈ လုံးကို ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။
အလားတူ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌လည်း ရှင်းလင်းဖော်ထုတ်မှုများကို နိုဝင်ဘာ ၁၈ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့ ခုနစ်ရက်မြောက်နေ့တွင်လည်း ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ ၁၇ ထပ် အဆောက်အအုံ တစ်လုံး၊ ခုနစ်ထပ် အဆောက်အအုံ လေးလုံး၊ ၁၃ ထပ်အဆောက်အအုံ တစ်လုံးနှင့် ခြောက်ထပ်အဆောက်အအုံ လေးလုံးတို့ကို ထပ်မံစစ်ဆေးခဲ့ရာ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသူများကို တွေ့ရှိရခြင်းမရှိဘဲ Star Link ဘန်းတစ်လုံး၊ Router တစ်လုံးနှင့် ကွန်ပျူတာမျိုးစုံ ၂၀၅ လုံးတို့ကို စိစစ်တွေ့ရှိခဲ့ပြီး ဖော်ထုတ်ရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများ ကျူးလွန်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်ပုန်းအောင်းနေထိုင်လျက်ရှိကြသည့် တရုတ်နိုင်ငံသား ၈၁ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၃ ဦး၊ အီသီယိုးပီးယားနိုင်ငံသား နှစ်ဦး၊ အိန္ဒိယနိုင်ငံသား နှစ်ဦး၊ ပါကစ္စတန်နိုင်ငံသား တစ်ဦးနှင့် တရုတ် (တိုင်ပေ) မှ နှစ်ဦး စုစုပေါင်း ၁၀၁ ဦးတို့ကို ယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။ ထို့ကြောင့် ရွှေကုက္ကိုလ်နယ်မြေအတွင်း စုစုပေါင်းဖော်ထုတ်ရှင်းလင်းမှုများအရ ယနေ့အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၈၄၇ ဦးနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၃၀၉၈ လုံး၊ မိုဘိုင်းဖုန်း ၂၁၇၅၀၊ Star Link ဘန်း ၁၀၂ လုံး၊ Router ၂၂ လုံးနှင့် လုပ်ငန်းသုံးပစ္စည်း အများအပြားကို စိစစ်တွေ့ရှိ ဖမ်းဆီးရမိခဲ့ပြီး သိမ်းဆည်းရမိပစ္စည်းများကို စနစ်တကျ ဖျက်ဆီးရှင်းလင်းခဲ့ကြောင်းနှင့် ဖော်ထုတ်ရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများကို မြဝတီမြို့နယ် ပူလွဲပူကျေးရွာအုပ်စု ရွှေကုက္ကိုလ်မြိုင်ကျေးရွာအတွင်း လုံထင်းဝန်းရှိ အဆောက်အအုံ၌ ထိန်းသိမ်းထားရှိပြီး တရားမဝင် ပြည်ပနိုင်ငံသား စစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ရာ ပြည်ပနိုင်ငံသား ၂၀၀ ကို စစ်ဆေးနိုင်ခဲ့ကာ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက လိုအပ်သည့်ကိုယ်ရေး အချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ နိုဝင်ဘာ ၂၄ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက် လာသည့်ပြည်ပနိုင်ငံသား စုစုပေါင်း ၁၂၆၈၇ ဦး ထိန်းသိမ်းနိုင်ခဲ့ကာ ၁၂၃၄၃ ဦးကို ပြည်နှင်နိုင်ရေး စစ်ဆေးခဲ့ပြီး ၎င်းတို့အနက်မှ ၉၉၇၈ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၇၀၉ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


