ရန်ကုန်     နိုဝင်ဘာ     ၂၄

မြန်မာနိုင်ငံက    အိမ်ရှင်အဖြစ်    လက်ခံကျင်းပနေသည့် ၂၀၂၆ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲအုပ်စု (G) ဒုတိယနေ့ကို  နိုဝင်ဘာ၂၄ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ဆက်လက်ပြုလုပ်ရာ မြန်မာ အသင်းသည် နီပေါအသင်းကို လေးဂိုးပြတ်သွင်းယူပြီး နိုင်ပွဲဆက်ခဲ့သည်။

အိမ်ရှင်မြန်မာအသင်းသည် ခြေစစ်ပွဲတွင် နှစ်ပွဲဆက်တိုက်အနိုင်ယူပြီး ခြေစစ်ပွဲအောင်မြင်ရေး မျှော်လင့်ချက် ပိုမိုနီးစပ်လာခဲ့သည်။မြန်မာအသင်းသည် အကောင်းဆုံးခြေစွမ်းပြသနိုင်ခြင်းမရှိသေးသော်လည်း အနိုင်သုံးမှတ်အတွက် လိုအပ်နေသည့် သွင်းဂိုးများ သွင်းယူနိုင်သည့်အတွက် ကျေနပ်စရာဖြစ်ခဲ့သည်။

မြန်မာအသင်းနည်းပြချုပ် ဦးကျော်ဇေယျသည်  ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပြီး နီပေါအသင်းကို ရင်ဆိုင်ခဲ့သည်။ မြန်မာအသင်း သည် ပွဲအစ ၁၃ မိနစ်မှာပင် အဖွင့်ဂိုးရခဲ့ပြီး တိုက်စစ်မှူး ရဲနိုင်အောင်က အနီးကပ်ပိတ်သွင်းယူခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင် ပွဲမှာအပြန်အလှန်ရှိသော်လည်း မြန်မာအသင်းသည် တိုက်စစ်တွင် အချိတ်အဆက်လွဲချော်နေသဖြင့် ဂိုးထပ်ရရန် ရုန်းကန်ခဲ့ရပြီး ဒုတိယပိုင်းမှ ဂိုးထပ်မံရရှိခဲ့သည်။ မြန်မာအသင်းအတွက်   နောက်ထပ် အနိုင်ဂိုးများကို  ၆၉  မိနစ်တွင် အသင်းခေါင်းဆောင် အောင်သီဟ၊  ၈၁  မိနစ်တွင် မျိုးခန့်ကျော်၊ ၈၃ မိနစ်တွင် ဝင်းမင်းသန့်က သွင်းယူခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် နှစ်ပွဲကစားရာတွင် အာဖဂန်နစ္စတန်အသင်းကို သုံးဂိုး-တစ်ဂိုး၊ နီပေါအသင်းကို လေးဂိုးပြတ်အနိုင်ရရှိကာ ခြောက်မှတ်ရရှိထားသည်။ မြန်မာအသင်းသည် လက်ကျန်ပွဲများအဖြစ် နိုဝင်ဘာ ၂၈ ရက်တွင် အိုမန်အသင်း၊ နိုဝင်ဘာ ၃၀ ရက်တွင် ဆီးရီးယားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။       

သတင်း - ကိုညီလေး

ဓာတ်ပုံ - စိုးညွန့်သော်