အာဆင်နယ်အသင်းဟာ နိုဝင်ဘာ ၂၃ ရက် ညပိုင်းက မြောက်လန်ဒန်ပြိုင်ဘက် စပါးအသင်းကို အနိုင်ရပြီး ပရီမီယာလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ခြောက်မှတ်ဖြတ်ကာ ဆက်လက်ဦးဆောင် နိုင်ခဲ့ပါတယ်။
နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းဟာ စပါးအသင်းကို လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အဲဒီပွဲစဉ်မှာ တိုက်စစ်မှူး အက်ဇီက ပထမဆုံးဟက်ထရစ်သွင်းဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ အက်ဇီအနေနဲ့ အာဆင်နယ်အသင်းနဲ့အတူ ယခုဘောလုံးရာသီ ၁၅ ပွဲပါဝင်ကစားခဲ့ရာမှာ သွင်းဂိုး ငါးဂိုးနဲ့ ဂိုးဖန်တီးမှု သုံးကြိမ် ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီတွေမှာ ပရီမီယာလိဂ်အမှတ်ပေးဇယား ဒုတိယနေရာနဲ့ သုံးကြိမ်အထိ ရပ်တည်ခဲ့ရတာဖြစ်ပြီး ၂၀၀၄ ခုနှစ်နောက်ပိုင်း ပရီမီယာလိဂ်ဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ရေး ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
စပါးအသင်းကို အနိုင်ရရှိခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ ပရီမီယာလိဂ်ပွဲစဉ်(၁၂)အပြီးမှာ ကိုးပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံး ရမှတ် ၂၉ မှတ်နဲ့ အမှတ်ပေးဇယား ဒုတိယနေရာက ချယ်လ်ဆီးအသင်းကို ခြောက်မှတ် ဖြတ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။
အခုပွဲစဉ်မှာ နိုင်ပွဲရရှိရေးအတွက် နောက်တန်းခံစစ်ကို ကစားသမားငါးဦးအထိ အသုံးပြုခဲ့တဲ့ စပါးအသင်းနည်းပြ သောမက်ဖရန့်ရဲ့ နည်းဗျူဟာလည်း ထင်တိုင်းမဖြစ်ခဲ့ဘဲ ရှုံးပွဲကြုံခဲ့ရတာကြောင့် စပါးအသင်းအနေနဲ့ ပွဲစဉ်(၁၂)အပြီးမှာ အမှတ်ပေးဇယား အဆင့်(၉)နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ငွေကြယ်


