နေပြည်တော် နိုဝင်ဘာ ၂၅
ဧရာဝတီ တိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ကနစိုးကုန်းကျေးရွာ၌ အခြေပြု၍ ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့် တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသော တပ်မတော်မှပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့ သည် ယနေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာမှ ပြန်လည်ထွက်ခွာ၍ မွန်းလွဲပိုင်းတွင် မြောင်းမြမြို့နယ် တောင်ကလေးကျေးရွာသို့ ရောက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ ဆရာမများ နှင့် ကျောင်းသား ကျောင်းသူများက သောင်းသောင်းဖြဖြ ကြိုဆို နှုတ်ဆက်ကြသည်။
အဆိုပါ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် မြောင်းမြမြို့နယ် တောင်ကလေးကျေးရွာ ဗြဟ္မဝိဟာရ ကျောင်းတိုက်၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၃၉၁ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၈၃ ဦး၊ ခွဲစိတ်ရောဂါ ၁၉ ဦး၊ သားဖွား/မီးယပ်ရောဂါ ၂၁ ဦး၊ ကလေး ရောဂါ ၂၄ ဦး၊ အရိုးရောဂါ ၄၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၅ ဦး၊ မျက်စိရောဂါ ၄၃ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၂၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထိုသို့ ကုသ ပေးရာတွင် အထွေထွေခွဲစိတ်လူနာ တစ်ဦး၊ မျက်စိခွဲစိတ်လူနာ တစ်ဦး၊ ဓာတ်မှန်ရိုက်လူနာ ခုနစ်ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေးလူနာ ၂၄ ဦး၊ ECG စက် ဖြင့် နှလုံးစမ်းသပ်လူနာ ၁၁ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၄ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေး ခြင်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုကဲ့သို့ကြားသိ ခဲ့ရပါသည်-
ရောဂါကတော့ အထွေထွေ လာပြတာပါ။ ဒေသခံတွေအနေနဲ့ တချို့ သက်ကြီးရွယ်အိုတွေ ကျတော့ ဝေးဝေးလံလံမြို့ကိုမသွားနိုင်တာမျိုးတွေ ရှိတယ်။ တချို့ကျတော့လည်း ဆေးကုသ ရေးမှာ နည်းနည်းအခက်အခဲ တွေရှိကြတယ်။ ဒီလိုနီးနီးနားနား လာကုပေးတော့ ပိုအဆင်ပြေ တာပေါ့။ ဒီမှာကတော့ ရာသီတုပ်ကွေး အဲဒါမျိုးတွေ အဖြစ်များတာတော့ရှိတယ်။ သူတို့ကို လည်း ကျေးဇူးတင်တယ်။ နောက်ကိုလည်း ဒီလိုလာရောက်ပြီးတော့ ဆေးကုသပေးဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်။
ဒီတောင်ကလေးကျေးရွာကပဲ ဆေးကုသမှု လာရောက်ခံယူတာပါ။ ခေါင်းတွေ ရိပ်ခနဲ ရိပ်ခနဲ မူးနေလို့ အဲဒါလာပြတာ။ သွေးနည်းနည်း တိုးနေတယ်တဲ့၊ စိုးရိမ်စိတ်များလို့ပေါ့။ ဒီမှာ သွေးညှိဆေးတို့၊ သွေးပေါင်ကျဆေးတို့ ပေးလိုက်တယ်။ ကျေးဇူးအများကြီး တင်ပါတယ်။ မသွားနိုင်တဲ့သူတွေလည်း ဒီမှာလာပြလို့ရတယ်လေ။ လာပြီးတော့ ဆေးကုသပေးတာရော အကုန်လုံးအတွက် ဝမ်းသာပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။
သတင်းစဉ်


