လားရှိုး နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ ပွဲကို ယနေ့နံနက်ပိုင်းက အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်း ကမ္ဘောဇခန်းမ၌ ကျင်းပသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက အမှာစကား ပြောကြားပြီး ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနှင်းဆအောင်ဆန်းက “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ” သိကောင်းစရာများကိုလည်းကောင်း၊ ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီး ဌာန ဦးစီးအရာရှိ ဒေါ်ပွင့်ဖြူစင်မြင့် က ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး အကြောင်းအရာများကိုလည်းကောင်း ဆွေးနွေးဟောပြောရာ တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး တာဝန်ရှိသူများက အထက (၆) အတွက် ကျောင်းအသုံးအဆောင် ပစ္စည်းများ ချီးမြှင့်ပေးအပ်သည်။
ရှင်းလင်းဟောပြော
ဆက်လက်၍ ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမင်းခိုင်နှင့် တပ်ဖွဲ့ဝင်များက အသိပညာပေး ရှင်းလင်းဟောပြောပြီး မီးငြှိမ်းသတ်ခြင်းကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ရာ တက်ရောက်လာသည့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက လက်တွေ့ပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လားရှိုး(ပြန်/ဆက်)


