မုံရွာ ၁၈  မတ်

မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန် (Dry Zone) တွင်ပါဝင်သော စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ နွေရာသီသောက်သုံးရေ ရှားပါးပြတ်လပ်မှု မရှိစေရေး အတွက် မုံရွာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း ကျေးရွာငါးရွာတွင်စက်ရေတွင်းငါးတွင်းတူးဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊  မုံရွာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် လှည်းဒါးကျေးရွာနှင့် ဘော်ဂါကျေးရွာတို့တွင် ၄လက်မ ပေ၅၀ဝ စက်ရေတွင်း ၂ တွင်း၊ အလျား ၁ဝ ပေ အနံ ရှစ်ပေ အမြင့်ရှစ်ပေရှိ ရေစက် ရုံနှစ်ခု၊ အမြင့် ပေ၂၀ရှိ ဂါလန် ၂၄ဝဝ ဆံ့စင်မြင့်ရေစင်နှစ်ခုတို့ကိုလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် သာစည်ကျေးရွာနှင့် နိဗ္ဗာန်ဝကျေးရွာတွင် ၄လက်မ  ပေ  ၄၀ဝ စက်ရေတွင်း နှစ်တွင်း၊ အလျား ၁ဝပေ အနံ ရှစ်ပေ အမြင့် ရှစ်ပေရှိ ရေစက် ရုံနှစ်ခု၊ အမြင့် ပေ ၂ ဝရှိ ဂါလန် ၂၄ဝဝ ဆံ့ စင်မြင့်ရေစင်နှစ်ခုတို့ကို လည်းကောင်း၊ မွမ်းမံရန်ပုံငွေဖြင့် ရေကန်စုကျေးရွာတွင် ၄လက်မ ပေ ၄၀ဝ စက်ရေတွင်း တူးဖော်ခြင်းနှင့် နှောပင်ကျေးရွာတွင်ဂါလန်၂၄၀ဝဆံ့စင်မြင့်ကွန်ကရစ်ရေစင် တည်ဆောက်ခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မုံရွာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ချိုက ပြောသည်။

မုံရွာမြို့နယ်အတွင်း ၂ဝ၁၈ ခုနှစ် မီနီဘတ်ဂျက်တွင်လည်း ကျေးလက်ရေပေးရေးလုပ်ငန်း တစ်ခုကိုတိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် ယင်းပန်းကျေးရွာတွင် ၄လက်မ  ၄၀ဝပေ စက်ရေတွင်း၊ အလျား ၁ဝပေ အနံ ရှစ်ပေ အမြင့်ရှစ်ပေရှိ ရေစက်ရုံ၊ အမြင့် ပေ၂၀ရှိ ဂါလန် ၂၄ဝဝ ဆံ့စင်မြင့်ရေစင်တစ်ခုတို့ကိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ငြိမ်းသူ(စလင်း)