ဘားအံ နိုဝင်ဘာ ၂၅
ကရင်ပြည်နယ် ဘားအံမြို့သည် မိုးများသည့် ဒေသဖြစ်ပြီး နှစ်စဉ်ရေကြီးရေလျှံမှုများ ဖြစ်ပွားလေ့ရှိရာ မြို့ရှောင်လမ်း၏ ရေကျော်သောအပိုင်းအား ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၂၉၆၃ ဒသမ ၆၀၀ သန်းဖြင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက နှစ်စဉ်ရေကြီးရေလျှံမှုဖြစ်ပွားရာတွင် ဘားအံမြို့ ရှောင်လမ်း ၆ ဒသမ ၄ ကီလိုမီတာအနက် ရေကျော်သောအပိုင်း စုစုပေါင်း ၁ ဒသမ ၈၈ ကီလိုမီတာကို ၂၄ ပေအကျယ် ကွန်ကရစ်ခင်းခြင်း၊ ကွန်ကရစ်လမ်းချဲ့ ခြင်း၊ Guard Post တိုင်စိုက်ထူခြင်း အစရှိသည့် လမ်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ လမ်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘားအံမြို့ရှောင်လမ်းမကြီးဘေး နောင်ခရိုင် ကျေးရွာ ကွင်းအမှတ်(၁၁၈၇) ကမော့ကစင် အနောက်ကွင်းရှိ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ မိုးစပါးအထွက်နှုန်းတိုးတက်ရေး နည်းပညာပေး စံပြစိုက်ခင်း ၁၅ ဧက၌ တောင်သူများနှင့်တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ တစ်ဧက အထွက်နှုန်းတိုးတက် ရရှိရေး၊ ဈေးကွက်ရရှိရေးနှင့် တောင်သူအကျိုးစီးပွားမြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ မိုးစပါးအထွက်နှုန်းတိုးတက်ရေး နည်းပညာပေး စံပြစိုက်ခင်း ၁၅ ဧကအတွင်း တောင်သူများက ယူရီးယား၊ ပိုတက်နှင့် သဘာဝမြေဩဇာများ အချိုးကျ ရောစပ်ကြဲပက်ခြင်းကိုလည်းကောင်း၊ ရဲသာ (ကမော့ ကစင်)ကျေးရွာအုပ်စု ရဲသာကွင်းရှိ မိုးစပါးအထွက်နှုန်း တိုးတက်ရေးနည်းပညာပေး စံပြစိုက်ခင်း ၁၅ ဧကကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။
ဆက်လက်၍ ပြည်နယ်၏ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဘားအံ မြို့နယ် ကော့မရမ်းကျေးရွာ ကော့မရမ်းတောင်ခြေတွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ ကိုယ်တိုင်ထွန်ယက်၊ စိုက်ပျိုး၊ ရိတ်သိမ်းနိုင်မည့် စိုက်ပျိုးရေးကိုအခြေခံသော ခရီးစဉ်တစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေသော Kawt Ma Yan Resort Co.,Ltd.၏ Kawt Ma Yan Resort တည်ဆောက်ရေးလုပ်ငန်းခွင်ကို သွားရောက်ကြည့်ရှု စစ်ဆေးပြီးပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။
အဆိုပါ Kawt Ma Yan Resort ကို ရင်းနှီးမြှုပ်နှံမှု ပမာဏ ငွေကျပ် ၅ ဒသမ ၉ ဘီလီယံဖြင့် မြေဧရိယာ ၃ ဒသမ ၃၀ ဧကပေါ်တွင် ၂ ဒသမ ၃၀ ဧကအနက် သုည ဒသမ ၉၀ ဧကကိုသာ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး Resort တွင် အိပ်ခန်းပေါင်း ၃၀၊ သဘာဝရေကူးကန်နှင့် နွေမိုးဆောင်း စိုက်ပျိုးရိတ်သိမ်းအပန်းဖြေနိုင်မည့် စိုက်ခင်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


