မော်လမြိုင် နိုဝင်ဘာ ၂၆
၂ဝ၂၅ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် လူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသည့် မသန်စွမ်း ပြေးခုန်ပစ်ပြိုင်ပွဲ ဆုပေးပွဲကို ယမန်နေ့ညနေပိုင်းက မော်လမြိုင်မြို့ ရာမညအားကစားကွင်း၌ ကျင်းပသည်။
ဆုပေးပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲတွင် အမျိုးသား ဒူးအောက်တစ်ဖက် မီတာ(၁၀၀)အပြေးပြိုင်ပွဲ၊ အမျိုးသား ဝှီးချဲမီတာ(၁၀၀) ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများက မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားအလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသည့် ပြိုင်ပွဲဝင်အားကစားသမားများကို ဆုများပေးအပ်ချီးမြှင့်ကာ ဆုရအားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံအားပေးနှုတ်ဆက်သည်။
ထို့ပြင် မွန်ပြည်နယ်အနေဖြင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးကိုဦးတည်၍ ပြည်နယ်အတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်)မှ သင်တန်းသား သင်တန်းသူများကို မိသားစုသဖွယ် ချစ်ခင်လေးစားဂုဏ်ပြုသောအားဖြင့် အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်) ၏ အထူးနေ့လယ်စာစားပွဲကို ယနေ့မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့ အားကစားနှင့် ကာယပညာသိပ္ပံ(မော်လမြိုင်)၌ ကျင်းပသည်။
ဦးစွာ အားကစားနှင့် ကာယပညာသိပ္ပံ(မော်လမြိုင်) ကျောင်းအကျိုးတော်ဆောင်အဖွဲ့ နာယက ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး သင်တန်းသား သင်တန်းသူများအတွက် ချီးမြှင့်ငွေများ ပေးအပ်ကာ ပြည်နယ်လူမှုရေးရာဝန်ကြီးက လှူဒါန်းငွေများပေးအပ်မှုအပေါ် ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အားကစားနှင့် ကာယပညာသိပ္ပံ(မော်လမြိုင်) သင်တန်းသား သင်တန်းသူများနှင့်အတူ နေ့လယ်စာကို ချစ်ကြည်ရင်းနှီးစွာ အတူတကွသုံးဆောင်ကာ သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


