ဒေါက်တာသန့်စင်(ရူပဗေဒ)

နိုဘယ်ဆုရွေးချယ်ပွဲကို နှစ်စဉ်အောက်တိုဘာလတွင် ကြေညာလေ့ရှိပါသည်။ ကမ္ဘာပေါ်တွင် အမြင့်ဆုံးဆုတံဆိပ်ဖြစ်သည့် နိုဘယ်ဆုကို ဆွီဒင်နိုင်ငံသား စီးပွားရေးနှင့် စွန့်ဦးတီထွင်သူ အယ်လ်ဖတ်နိုဘယ်(Alfred Nobel) က ၁၈၉၅ ခုနှစ်တွင် သူ၏ ကိုယ်ပိုင်ရန်ပုံငွေဖြင့် ပေးအပ်နိုင်ရန် စတင်ခဲ့ပါသည်။ ၁၉၀၁ ခုနှစ်တွင် ပထမဆုံးနိုဘယ်ဆုများကို ချီးမြှင့်ခဲ့ပါသည်။ ပေးအပ်သည့် နိုဘယ်ဆုများမှာ ရူပဗေဒ၊ ဓာတုဗေဒ၊ ဆေးပညာ၊ စာပေ၊ ငြိမ်းချမ်းရေးဆုတို့ဖြစ်ပါသည်။ ၁၉၆၉ ခုနှစ်တွင် စီးပွားရေးဆိုင်ရာနိုဘယ်ဆုကို ထပ်မံချီးမြှင့်ခဲ့ပါသည်။

၂၀၂၅ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာနိုဘယ်ဆုကို အမေရိကန်နိုင်ငံသား သုံးဦးဖြစ်သည့် John Clarke (University of California, Berkeley, USA)၊ Michal H.Devoret (Yale University and University of California, sonta Barbara, USA)နှင့် Jom M.Martinis (University of California, sonta Barbara, USA) တို့က ရရှိခဲ့ပါသည်။ သူတို့ သည် ရူပဗေဒဆိုင်ရာ ကွမ်တမ်မက္ကနစ် (Quantum Mechanic )နှင့် ပတ်သက်၍ ရရှိခဲ့ကြပါသည်။ “for the discovery of macroscopic quantum mechanical tunnelling and emergy quanti-sation in am electric circuit” တွေ့ရှိမှုဖြင့် ဆုချီးမြှင့်ကြောင်း နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့က သုံးသပ်တင်ပြထားပါသည်။

ယခုနှစ် ၂၀၂၅ ခုနှစ်သည် ကွမ်တမ်မက္ကနစ်ကို စတင်သိရှိလေ့လာခဲ့ကြသည်မှာ နှစ် (၁၀၀) ပြည့်မြောက်ဖြစ်ပါသည်။ ကွမ်တမ်နှစ်(၁၀၀)ပြည့် ပွဲတော်ကို ၂၀၂၅ ခုနှစ်တွင် နိုင်ငံအသီးသီးရှိ တက္ကသိုလ်၊ ကောလိပ်များတွင် စည်ကားစွာ ကျင်းပနေကြပါသည်။ တိုက်တိုက်ဆိုင်ဆိုင် ယခုနှစ် ရူပ ဗေဒဘာသာ နိုဘယ်ဆုကိုလည်း ကွမ်တမ်မက္ကနစ် ဘာသာရပ်ဖြင့် ချီးမြှင့်ခြင်း ခံရပါသည်။

ကွမ်တမ်မက္ကနစ်ဆိုသည်မှာ လူတို့၏မျက်စိဖြင့် မမြင်ရသော အလွန်သေးငယ်သည့် အမှုန်လေးများ (ဥပမာ- အီလက်ထရွန်၊ ဖိုတွန်၊ မယ်ဘွန်…) စသည် တို့၏ ရွေ့လျားသွားလာမှုနှင့် စွမ်းအင်ပြုမှုတို့သည် သာမန်လူသားတို့မြင်နိုင်သည့် ပစ္စည်းများဖြစ်သော ရထား၊ ကား၊ လေယာဉ်ပျံ စသည်တို့၏ ရွေ့လျားမှုနှင့် စွမ်းအင်တို့နှင့် မတူညီကြပါ။ လူသားတို့မြင်နိုင်သော ဝတ္ထုပစ္စည်းများ၏ စွမ်းအင်နှင့်အရွေ့တို့ကို သိပ္ပံပညာရှင်နယူတန် (Newton)၏ နိယာမများဖြင့် ဖြေရှင်းနိုင်ပါသည်။

ယင်းကို ရှေးရိုးရူပဗေဒ (Classical Mechanics) ဟုခေါ်ပါသည်။ လူသားတို့မျက်စိဖြင့် မမြင်နိုင် သော အလွန်သေးငယ်သည့် အမှုန်များကို ကွမ်တာ (quanta)ဟုခေါ်ပြီး ၎င်းတို့၏ရွေ့လျားမှုသည် လှိုင်းပုံသဏ္ဌာန်ရွေ့လျားကြပြီး စွမ်းအင်ကို တွက်ချက်ရာတွင် အမှုန်၏ကြိမ်နှုန်း သို့မဟုတ် တုန်ခါနှုန်း (frequency) ဖြင့် တွက်ရပါသည်။ ထိုသို့ အမှုန်များ၏ စွမ်းအင်ကို လေ့လာရာတွင် ကွမ်တမ် မက္ကနစ်ကို အသုံးပြုရပါသည်။ ကွမ်တမ်မက္ကနစ် သည် တစ်ဦးကောင်းပေါ်ပေါက်လာခြင်းမဟုတ်ဘဲ ၂၀ ရာစု ရူပဗေဒပညာရှင်တို့ ဖြစ်ကြသည့် မက် ပလန့်(Max Planck)၊ ဟိုင်ဇင်ဘတ်(Heisemberg)၊ ပေါလ်ဒီရက်(Paul Dirac)၊ နိဘိုးလဲ(Niels Bohr)၊ အာဝင်ရှဂိုးဒင်းဂျား (Erwin Schrodinger)နှင့် နာမည်ကျော် ရူပဗေဒပညာရှင်ကြီး အိုင်းစတိုင်း (Einstein)စသည်တို့၏ ကြိုးပမ်းမှုကြောင့် ပေါ်ထွန်းလာခြင်းဖြစ်ပါသည်။

ယခုနှစ် ရူပဗေဒနိုဘယ်ဆုကို လိုဏ်ခေါင်း ဖောက်ခြင်း( Macroscopic Quantum mechanical Tunnelling)ဆိုသည့် သုတေသနဖြင့် ရရှိသွားပါသည်။ ကွမ်တမ်လိုဏ်ခေါင်းဖောက်ခြင်းဆိုသည် မှာ ရေဒီယိုသတ္တိကြွပစ္စည်းများဖြစ်သော ယူရေနီယံ၊ သိုရီယမ် စသည့် ဒြပ်စင်များမှ အယ်လ်ဖာရောင်ခြည် ထွက်လာရာတွင် စိတ်ဝင်စားဖွယ်ဖြစ်ပျက်မှု တစ်ခု ကို တွေ့ရပါသည်။ သင်သည် အမြင့်သုံးပေခန့်ကို ခုန်နိုင်သည်ထားပါ။ သင့်ရှေ့တွင် ၁၀ ပေခန့်မြင့်သော အုတ်တံတိုင်းတစ်ခု ကာရံထားပါက သင်သည် ထိုအုတ်တံတိုင်းကို ကျော်နိုင်ရန်မဖြစ်နိုင်ပါ။ ဘေး ပတ်လည် အလုံပိတ်ထားသောကြောင့် ထိုအုတ်တံတိုင်းကို ဖောက်ထွက်သွားမှသာ အပြင်သို့ ရောက်နိုင်ပါမည်။ သို့ရာတွင် မျက်စိဖြင့်မမြင်ရသော အယ်လ်ဖာအမှုန်ကလေးများသည် သူ၏စွမ်းအင် 4 to 6 Mer(Mega electron Volt)သာ ရှိသော်လည်း ၎င်းကိုကာရံထားသည့် နျူကလီးယား၏ ကူလောင်ပိုတင်ရှယ်(Coulomb Potential) မှာ 28 Mer ဖြစ်ရသည်။ မည်သည့်နည်းနှင့်မှ ထိုအတားအဆီးကို ကျော်နိုင်မည် မဟုတ်ပါ။ သို့သော် ထိုနျူကလီးယားမှ အယ်လ်ဖာအမှုန်လေးသည် လွယ်ကူစွာဖောက်ထွင်း ထွက်လာနိုင်ကြောင်းကို နျူကလီးယားရောင်ခြည် တိုင်းစက်ဖြင့် စမ်းသပ်တွေ့ရှိသွားပါသည်။

ထိုအခါ ယင်းဖြစ်ရပ်ကို ကွမ်တမ်နိယာမဖြင့် ဖြေရှင်းရပါတော့သည်။ အယ်လ်ဖာအမှုန်သည် သူ၏အတားအဆီး ကူလောင်ပိုတင်ရှယ်အမြင့်ကို ကျော်လွှားထွက်လာခြင်းမဟုတ်ဘဲ ထိုအတား အဆီးကို လှိုင်းပုံစံဖြင့် ခေါက်တုံ့ခေါက်ပြန်တုန်ခါကာ ဖောက်ထွင်းထွက်လာခြင်းဖြစ်ကြောင်း ကွမ်တမ် သီအိုရီဖြင့် ရှင်းပြနိုင်ခဲ့ပါသည်။ ထိုတွေ့ရှိချက်ကို ကွမ်တမ်လိုဏ်ဖောက်ခြင်းအကျိုး (Quantum Tunnelling Effect)ဟု ခေါ်ပါသည်။ သို့ရာတွင် ထိုသို့ လှိုင်းဖောက်ခြင်းသည် အလွန်သေးငယ်သည့် အမှုန်များ (Microscopic Porticle) တွင်သာ တွေ့နိုင်သည်ဟု ယူဆခဲ့ကြပါသည်။

ယခု ၂၀၂၅ ခုနှစ် ရူပဗေဒနိုဘယ်ဆုရပညာရှင် သုံးဦးကမူ ထိုသေးငယ်သော အမှုန်၏တွေ့ရှိချက်ကို အသုံးချကာ ၁၉၈၄ ခုနှစ်နှင့် ၁၉၈၅ ခုနှစ်တို့တွင် သုတေသနတစ်ခု ပြုလုပ်ခဲ့ပါသည်။ အလွန်သေးငယ် သော အခြေအနေတွင် လျှပ်ကူးပစ္စည်းတစ်ခုသည် စူပါ လျှပ်ကူးပစ္စည်း (Super conductor) ဖြစ်သွားပြီး ၎င်းတွင်ရှိသည့် အီလက်ထရွန်လေးများက ဆန့်ကျင်ဘက်လည်ပတ်မှု (ဥပမာတစ်ခုက လက်ယာဘက်လည်နေပါက အခြားတစ်ခုက လက်ဝဲဘက်လှည့်လည်နေပါသည်) ဖြစ်ကာ အီလက်ထရွန်စုံတွဲတစ်ခုဖြစ်လာသည်။ ၎င်းကို (cooper pair)ဟု ခေါ်ပါသည်။ ထိုအီလက်ထရွန် (electron) စုံတွဲများ ပေါင်းစည်းကာ အမှုန်တစ်ခု ဖြစ်သွားပြီး လွန်ကဲလျှပ်ကူးမှုနှစ်ခုအကြားရှိ Josephon Junction ခေါ်သော လျှပ်ကာပစ္စည်းကို ဖြတ်ကာ လျှပ်စစ်ဖြတ်စီးဆင်းသွားနိုင်ကြောင်း လက်တွေ့စမ်းသပ်တွေ့ရှိသွားကြပါသည်။ ယခုနှစ် နိုဘယ်ဆုရရူပဗေဒသိပ္ပံပညာရှင်သုံးဦး၏ သုတေ သနသည် အမှုန်အစုတစ်ခု အဝေးတစ်ခုကို လိုဏ်ဖောက်အကျိုးဖြစ်ရန် လျှပ်စီးပတ်လမ်းတစ်ခုဖြင့် ပြသနိုင်ခဲ့ပါသည်။ ထိုပစ္စည်းသည် လက်ဖဝါးပေါ် တွင်တင်ပြီး ပြသနိုင်လောက်အောင် ကြီးမားသည့် သုတေသန (Microscopic Quantum Mechnical Tunnelling) ကြီးမားသည့် ကွမ်တမ်လှိုင်းဖောက် အကျိုးဟု ဆိုထားပါသည်။

အထက်ပါတွေ့ရှိချက်ကြောင့် များမကြာမီ ရူပဗေဒပညာရပ်တွင် စူပါကွန်ပျူတာ၊ စူပါရေဒါ (Super Radar) စသည့် လူသားတို့အကျိုးပြု သုတေသန တီထွင်မှုများကို ပိုမိုဆန်းသစ်တီထွင်နိုင်ရန် အထောက်အကူပြုနိုင်တော့မည် ဖြစ်ပါသည်။ ။