ဝါရှင်တန်    နိုဝင်ဘာ    ၂၆

အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့်အစိုးရက နိုင်ငံတစ်ဝန်းရှိ အမျိုးသားဥယျာဉ်များ၏ ဝင်ကြေးငွေကို လာမည့်နှစ် ဇန်နဝါရီ ၁ ရက်မှစပြီး နိုင်ငံခြား သားများအတွက် တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

နာမည်ကြီးအမျိုးသားဥယျာဉ်  ၁၁   ခုသို့ သွားရောက်လည်ပတ်မည့် နိုင်ငံခြားသားများအနေဖြင့် အမေရိကန်ဒေါ်လာ ၁၀၀ ထပ်မံတိုးမြှင့်ပေးဆောင်ရမည်ဖြစ်ကြောင်း အမေရိကန်ပြည်ထဲရေးဌာနက ယနေ့ကြေညာခဲ့သည်။ အမျိုးသားဥယျာဉ်များအတွက် တစ်နှစ်စာဝင်ကြေးကို အမေရိကန်ဒေါ်လာ ၈၀ မှ ၂၅၀ အထိ တိုးမြှင့်မည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါပန်းခြံ ၁၁ ခုတွင် Grand Canyon နှင့် Yellowstone တို့ ပါဝင်သည်။

အမျိုးသားဥယျာဉ်စနစ်အား ပံ့ပိုးပေးလျက်ရှိသည့် အမေရိကန်အခွန်ထမ်းပြည်သူများအနေဖြင့် ယခင်အခကြေးငွေအတိုင်း ဝင်ရောက်ကြည့်ရှုနိုင်ပြီး နိုင်ငံတကာမှ လာရောက်လည်ပတ်သူများက ပန်းခြံများကို ပိုမိုကောင်းမွန်လာစေရန်အတွက် မျှတသောဝင်ကြေးကို ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဒေါ့ဘာဂမ်က ပြောကြားခဲ့သည်။

ဥယျာဉ်များ၏ဝင်ကြေးနှုန်းထား တိုးမြင့်မှုသည် ဇူလိုင်လတွင် သမ္မတထရမ့်လက်မှတ်ရေးထိုးခဲ့သည့် အမိန့်နှင့်အညီဖြစ်ပြီး ၎င်း၏ “အမေရိကသည်သာ ပထမ” မူဝါဒကို အကောင်အထည်ဖော်ဆောင်ခြင်းဖြစ်သည်။               

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်