တီဟီရန်   နိုဝင်ဘာ    ၂၆

အီရန်နိုင်ငံမြို့တော်   တီဟီရန်တွင် လေထုညစ်ညမ်းမှုဖြစ်ခဲ့သဖြင့် နိုင်ငံသားများ၏ ကျန်းမာရေးအတွက် စာသင်ကျောင်းများနှင့် တက္ကသိုလ်များကို ပိတ်ထားရန်နှင့်  လုပ်ငန်းများအားလုံးတွင်   တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို   အိမ်မှ အလုပ်လုပ်ခွင့်ပြုခဲ့ကြောင်း သိရသည်။

တီဟီရန်ဒေသရှိ ပါရူကက်ခရိုင်မှလွဲ၍    စာသင်ကြားရေးလုပ်ငန်းများကို အွန်လိုင်းမှဆောင်ရွက်ရန် ပြည်ထဲရေးဝန်ကြီးဌာန၏ အစိတ်အပိုင်းဖြစ်သည့် လေထုညစ်ညမ်းမှုဆိုင်ရာ လုပ်ငန်းအဖွဲ့က သတ်မှတ်ခဲ့ကြောင်း အီရန် တရားဝင်သတင်းအေဂျင်စီ အိုင်နာက ပြောသည်။ ကယ်ဆယ်ရေး၊ ကျန်းမာရေး၊ တပ်မတော်ရေးရာနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်သူများမှအပ   အခြားအစိုးရရုံးများနှင့် ပုဂ္ဂလိကရုံးများရှိလုပ်သားများအား အိမ်မှလုပ်ငန်းလုပ်ခွင့်ပြုခဲ့သည်။ 

ဘဏ်များအား အကန့်အသတ်ဖြင့်  လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကာ  ယာဉ်အသွားအလာများကို ကန့်သတ်မည်ဖြစ်သည်။ မြို့တော်တီဟီရန်ရှိ လေထုအညွှန်းကိန်းသည် နိုဝင်ဘာ ၂၄ ရက်က ကျန်းမာရေးထိခိုက်စေသည့် အခြေအနေသို့ရောက်ရှိခဲ့သည်။ မြို့တော်တီဟီရန်ရှိ စက်ရုံများသည်  လေထုညစ်ညမ်းစေသည့် အကြောင်းရင်းများဖြစ်ကြောင်း  တာဝန်ရှိသူများက ပြောသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ