ထားဝယ်   နိုဝင်ဘာ  ၂၆

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုး သား/အမျိုးသမီးလက်ဝှေ့ပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ မွန်းလွဲ ၃ နာရီက   ထားဝယ်မြို့ ရွှေဝယ်သီရိ  မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။

ဦးစွာ     ဗိုလ်လုပွဲသို့တက်ရောက်လာသည့်    အမျိုးသား/အမျိုးသမီးများ၏    ကီလိုတန်းအလိုက် အကြိတ်အနယ်လက်ဝှေ့ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်  တာဝန်ရှိသူများ၊    အားကစားသမားများနှင့် အားကစားဝါသနာရှင်များက  ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းက ပြိုင်ပွဲတစ်လျှောက် ကူညီဆောင်ရွက်ပေးသော  ကြက်ခြေနီတပ်ဖွဲ့ကို ဂုဏ်ပြုဆုချီးမြှင့်ပြီး အမျိုးသမီး အကောင်းဆုံး အားကစားသမားဆုရရှိသည့် မြိတ်မြို့နယ်မှ  မပန်းဆုပြည့်နှင့် အမျိုးသား အကောင်းဆုံး အားကစားသမားဆု ရရှိသည့် ထားဝယ်မြို့နယ်မှ  မောင်လွင်မျိုးသန့်တို့ကို  ဆုများပေးအပ်ချီးမြှင့်ကာ တိုင်းဒေသကြီး လက်ဝှေ့ဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်က  ဂုဏ်ပြုဆုငွေ  နှစ်သိန်းစီ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးများက ၄၀  ကီလိုတန်း အမျိုးသားပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ ပူးတွဲတတိယဆုရရှိကြသူများ၊ ၅၂ ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ ပူးတွဲတတိယဆု ရရှိသူများ၊ ၅၆ ကီလိုတန်း အမျိုးသားပြိုင်ပွဲတွင် ပထမ၊  ဒုတိယ၊ ပူးတွဲတတိယဆုရရှိကြသူများ၊ ၄၈ ကီလိုတန်း အမျိုးသမီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ ပူးတွဲတတိယ ဆုရရှိကြသူများ၊ ၅၁ ကီလိုတန်း အမျိုးသမီးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယ၊ တတိယဆုရရှိကြသူများကို   တစ်ဦးချင်းဆုနှင့်   ငွေသားဆုများပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး   တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက ၅၇ ကီလိုတန်း  အမျိုးသမီးပြိုင်ပွဲတွင်  ပထမ၊   ဒုတိယ၊ တတိယဆုရရှိသူများကို  တစ်ဦးချင်းဆုနှင့်ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက်   တိုင်းဒေသကြီးဝန်ကြီးချုပ်က  အမျိုးသားပြိုင်ပွဲတွင် ရွှေလေးခု၊ ငွေတစ်ခုရရှိသည့် ထားဝယ်မြို့နယ်နှင့်  အမျိုးသမီးပြိုင်ပွဲတွင် ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေးတစ်ရရှိသည့် မြိတ်မြို့နယ်တို့ကို တံခွန်စိုက်ဆုဖလားပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီးလက်ဝှေ့ဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်က    ဂုဏ်ပြုဆုငွေကျပ်    ငါးသိန်းစီ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း  သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)