နေပြည်တော်   နိုဝင်ဘာ   ၂၈

ပြည်ထောင်စုသမ္မတ  မြန်မာ နိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့အကြား  နှစ်နိုင်ငံသံတမန် ချစ်ကြည်ရင်းနှီးမှု  အဓွန့်ရှည်တည်တံ့စေရန် ရည်ရွယ်ပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ၏ မြို့တော် Minsk မြို့၏ အမည်အား ရာဇသင်္ဂဟလမ်းမကြီးနှင့်   ဇမ္ဗူကျက်သရေလမ်းမကြီးကို ဆက်သွယ်ထားသော လမ်း၏အမည်အဖြစ် ဂုဏ်ပြုပေးအပ်ပွဲ အခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင်  ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ရာဇသင်္ဂဟလမ်းနှင့် သီရိကျော်စွာလမ်းထောင့် (အဆင့်မြင့်ဈေးအနီး)    ကျင်းပသည်။

အဆိုပါ ဂုဏ်ပြုလမ်းအမည်ပေး အခမ်းအနားသို့  ဘယ်လာရုစ်သမ္မတနိုင်ငံ   သမ္မတ  H.E.Mr.Aleksandr     Lukashenko    ဦးဆောင်သည့်   ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ်  လိုက်ပါလာသည့် ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E.Mr.  Maxim    RYZHENKOV စက်မှုဝန်ကြီး   H.E.  Mr.  Andrei KUZNIATSOU     စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဆိုင်ရာဝန်ကြီး  H.E. Mr. Yury HORLAU ကျန်းမာရေးဝန်ကြီး H.E. Mr. Aliaksandr KHAJAYEU နိုင်ငံပိုင် အသေးစားစက်မှုလုပ်ငန်း “Bellegprom” ဥက္ကဋ္ဌ   H.E.  Ms.  Nadzeya    LAZAREVICH   နှင့်   မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံရုံးမှ သံအမတ်ကြီး H.E. Mr. Uladzimir BARAVIKOU     စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ကျန်းမာရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ၏ မြို့တော်များသည် ၂၀၁၁ ခုနှစ်မှ ချစ်ကြည်ရင်းနှီးမှု စတင်ခဲ့သည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ်ကြောင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံ  သမ္မတကြီး၏  ခရီးစဉ်တွင်   ယခုကဲ့သို့ သမိုင်းမှတ်တမ်းတင်နိုင်ခဲ့သည့်အတွက်  မိမိတို့  နှစ်နိုင်ငံပြည်သူ ပြည်သားများ၏    ချစ်ကြည် ရင်းနှီးမှု၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် အပြန်အလှန်နားလည်မှုများသည် နောင်နှစ်ပေါင်းများစွာတိုင် တည်တံ့ခိုင်မြဲသွားမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက်   နေပြည်တော် ကောင်စီဥက္ကဋ္ဌက ဘယ်လာရုစ် သမ္မတနိုင်ငံသမ္မတကြီး၏ မြန်မာ နိုင်ငံသို့ လာရောက်သည့် တရားဝင် ချစ်ကြည်ရေး    ခရီးစဉ်အတွင်း ဘယ်လာရုစ်  သမ္မတနိုင်ငံ၏ မြို့တော် မင့်စ်မြို့၏ အမည်ကို ဂုဏ်ပြုပြီး  ယခုဖွင့်လှစ်မည့်လမ်းကို   “မင့်စ်လမ်းအဖြစ်  လမ်းအမည်ပေး  သတ်မှတ်ခေါ်တွင် သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ သတ်မှတ်ခေါ်တွင်မည့်  လမ်းအမည်သည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု မှတ်တမ်းတစ်ခုအဖြစ်  ကျန်ရှိနေမည်ဖြစ်သည့်အတွက် အထူးဝမ်းမြောက်ဂုဏ်ယူ ပါကြောင်း ပြောကြားသည်။

ယင်းနောက်    ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က လမ်းအမည်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက  လမ်းအမည်ဆိုင်းဘုတ်ကို  အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

လှည့်လည်ကြည့်ရှု

ဆက်လက်၍   ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတို့သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး  လမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါ   ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် ဘယ်လာရုစ် သမ္မတနိုင်ငံတို့အကြား နှစ်နိုင်ငံ သံတမန်ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်တည်တံ့စေရန် ရည်ရွယ်   အမည်ပေးအပ်ထားသည့် Minsk   လမ်းသည်  ရာဇသင်္ဂဟလမ်းမကြီးနှင့်   ဇမ္ဗူကျက်သရေလမ်းမကြီးကို ဆက်သွယ်ထားသော လမ်းမကြီးဖြစ်ပြီး အရှည်ပေ ၇၀၀၀  ကျော်ခန့်ရှိကာ  အဆိုပါလမ်း၌ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ၊  သီရိမင်္ဂလာအဆင့်မြင့်ဈေးတို့ တည်ရှိသည်။

သတင်းစဉ်