နေပြည်တော် နိုဝင်ဘာ ၂၈
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၆၇ ဦးနှင့် အမျိုးသမီး ၁၆ ဦး ပေါင်း ၈၃ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ယနေ့တွင် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် PDF အမည်ခံအဖွဲ့ဝင်များသည် မိသားစုဝင် ဆွေမျိုးများနှင့် အကျပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာ နေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ ကြောင့် လက်နက်ကိုင်လမ်းစဉ်အားစွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်မှ အမျိုးသား ငါးဦး၊ အမျိုးသမီး နှစ်ဦး၊ ချမ်းမြသာစည်မြို့နယ်မှ အမျိုးသား လေးဦး၊ အောင်မြေသာစံမြို့နယ်မှ အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦး၊ ပုသိမ်ကြီးမြို့နယ်မှ အမျိုးသား တစ်ဦး၊ ပြင်ဦးလွင်မြို့နယ်မှ အမျိုးသား ၂၃ ဦး၊ အမရပူရမြို့နယ်မှ အမျိုးသား ခြောက်ဦး၊ အမျိုးသမီး ခုနစ်ဦး၊ သပိတ်ကျင်းမြို့နယ်မှ အမျိုးသား တစ်ဦး၊ မြင်းခြံမြို့နယ်မှ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး လေးဦး၊ ပျော်ဘွယ်မြို့နယ်မှ အမျိုးသား သုံးဦး၊ ညောင်ဦးမြို့နယ်မှ အမျိုးသား လေးဦး၊ ပြည်ကြီး တံခွန်မြို့နယ်မှ အမျိုးသား တစ်ဦး၊ စဉ့်ကိုင်မြို့နယ်မှ အမျိုးသား တစ်ဦး၊ မတ္တရာမြို့နယ်မှ အမျိုးသား ခြောက်ဦး၊ အမျိုးသမီး နှစ်ဦး စုစုပေါင်း အမျိုးသား ၆၇ ဦးနှင့် အမျိုးသမီး ၁၆ ဦးတို့အား တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရန်အောင်မြင်ခန်းမ၌ လည်းကောင်း၊ မတ္တရာမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ လည်းကောင်း ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေပုဒ်မများနှင့်ပတ်သက်၍ အသိပညာပေးစကားများ ရှင်းလင်းဆွေးနွေး ပြောကြား သည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် မောင်းပြန်ရိုင်ဖယ် ၁၀ လက်၊ ပစ္စတို တစ်လက်၊ လက်လုပ်သေနတ် သုံးလက်၊ လက်ပစ်ဗုံးနှင့် လက်လုပ်မိုင်း ခြောက်လုံး၊ ကျည်အိမ် ၁၈ ခု၊ ကျည် ၇၅၉ တောင့်တို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန်ရိုင်ဖယ် တစ်လက်နှုန်းအတွက် ဆုကြေးငွေကျပ် သိန်း ၅၀ နှုန်းဖြင့် ၁၀ လက်အတွက် ငွေကျပ် သိန်း ၅၀၀၊ ပစ္စတိုသေနတ် တစ်လက်အတွက် ဆုကြေးငွေကျပ် သိန်း ၂၀၊ လက်လုပ်သေနတ် တစ်လက်နှုန်း အတွက် ဆုကြေးငွေကျပ် ငါးသိန်းနှုန်းဖြင့် သေနတ်သုံးလက်အတွက် ငွေကျပ် ၁၅ သိန်း၊ လက်ပစ်ဗုံးနှင့် လက်လုပ်မိုင်းတစ်လုံးစီအတွက် ဆုကြေးငွေကျပ် သုံးသိန်းနှုန်းဖြင့် လက်ပစ်ဗုံးနှင့် လက်လုပ်မိုင်း ခြောက်လုံးအတွက် ငွေကျပ် ၁၈ သိန်းနှင့် အလင်းဝင်လာသူအားလုံးအတွက် တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် ၈၃ ဦးအတွက် ဆုကြေးငွေကျပ် ၄၁၅၀၀၀၀ စုစုပေါင်း ငွေကျပ် ၅၉၄၅၀၀၀၀ နှင့် ထောက်ပံ့ပစ္စည်းများကို ပြန်လည်ထောက်ပံ့ပေးအပ်ကာ ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများက အပ်နှံထားသော လက်နက်ခဲယမ်းများအား ကြည့်ရှုစစ်ဆေး၍ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆို လက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဥပေဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
ကျွန်တော့် အသက်က ၁၆ နှစ်ပါ။ ကျွန်တော် အကြမ်းဖက်အဖွဲ့အစည်းထဲကို ဘယ်လိုရောက်သွားလဲဆိုတော့ ကျွန်တော့်အစ်ကိုက အလုပ်လုပ်ဖို့ဆိုပြီးတော့ လိမ်ခေါ်လို့ ရောက်ခဲ့ရတာပါ။ အကြမ်းဖက်အဖွဲ့အစည်းထဲကို ရောက်သွားတဲ့အခါမှာ ကျွန်တော် အကြမ်းဖက်သင်တန်း သုံးလတက်ခဲ့ရပါတယ်။ သင်တန်းကာလမှာ TNLA ပလောင်တွေက ကျွန်တော်တို့ကို သင်တန်းပို့ချပေးပါတယ်။ ပလောင်တွေ အုပ်ချုပ်တော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေကို လူမျိုးရေးခွဲခြားတာတွေ၊ ဖိနှိပ်တာတွေ၊ ရိုက်နှက်တာတွေ အမြဲတမ်းပြုလုပ်ပါတယ်။ အစားအသောက်ဆိုလည်း ကောင်းကောင်းမွန်မွန် မကျွေးပါဘူး။ လူမျိုးရေးခွဲခြားဆက်ဆံတာတွေ၊ ကျွန်တော်တို့ အလွန်မုန်းပါ တယ်။ ဒါပေမဲ့လည်း သတ်ပစ်ခံရမှာ ကြောက်လို့ ကျွန်တော်တို့ ငြိမ်ခံခဲ့ရပါတယ်။ အစ်ကိုနဲ့ ချိတ်ဆက်မိတယ်။ အစ်ကိုက အလင်းဝင်သွားပြီဆိုတော့ ကျွန်တော်နဲ့ အစ်ကို အဆက်အသွယ်လုပ်ပြီးတော့ တပ်မတော်ဘက်ကို အလင်းဝင်လာတယ်။ TNLA အကြမ်းဖက်အဖွဲ့က ပြောသလိုမျိုး တပ်မတော်ဘက်ရောက်ရင် မင်းတို့ကို သတ်ပစ်မှာတို့၊ နှိပ်စက်မှာတို့၊ ရိုက်နှက်မှာတို့ဆိုတာ လုံးဝမရှိပါဘူး။ တပ်မတော်ဘက်ကို အလင်းဝင်လာတော့ ကျွန်တော်တို့ကို နွေးနွေးထွေးထွေး ကြိုဆိုတယ်။လိုလေသေးမရှိ အောင်ထားတယ်။ တစ်နေ့ ထမင်းသုံးနပ် ပုံမှန်ကျွေးတယ်။ မိသားစုတွေလည်း အတူတူနေလို့ရအောင် စီစဉ်ပေးတယ်။ အလုပ်အကိုင်တွေလည်း ရအောင်စီစဉ်ပေးတယ်။ တောထဲမှာကျန်ခဲ့တဲ့ ညီအစ်ကိုမောင်နှမတွေလည်း တပ်မတော်ဘက်ကို အမြန်ဆုံး အလင်းဝင်ရောက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေသက ပြည်သူလူထုဆီကနေပြီးတော့ ပစ္စည်းများခိုးယူသုံးစွဲခဲ့သည်ရှိသော် ကျွန်တော် ဒီနေရာကပဲ အနူးအညွတ်တောင်းပန်လိုက်ပါတယ်။ နောက်နောင် ဒီလို အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ မပတ်သက်တော့ကြောင်းလည်း ဒီကနေပြီးတော့ ကတိသစ္စာပေးအပ်လိုက်ပါတယ်။
အသက်က ၁၇ နှစ်ပါ။ MDY PDF အကြမ်းဖက်အဖွဲ့အစည်းထဲကို မရောက်ခင်တုန်းကတော့ ကျွန်မ ကျောင်းတက်နေပါတယ်။ MDY PDF အကြမ်းဖက်အဖွဲ့အစည်းထဲကို ဘာလို့ ရောက်သွားလဲဆိုတေ့ ကျွန်မအိမ်က အလုပ်အကိုင်အဆင်မပြေလို့ ကျွန်မအလုပ်ထွက်လုပ်မယ် ဆိုပြီးတော့ အိမ်ကနေ ထွက်ခဲ့ပါတယ်။ လမ်းမှာ အစ်ကိုတစ်ယောက်နဲ့ တွေ့တယ်။ အဲဒီအစ်ကိုက သူ့ဆီမှာ အလုပ်လုပ်ရင် တစ်လကို ငါးသိန်း၊ ခြောက်သိန်းလောက်ရမယ်လို့ ကျွန်မကို ပြောတယ်။ နေရိပ်ထဲမှာပဲ ကွန်ပျူတာတစ်လုံးနဲ့ လုပ်ရမယ်လို့ ပြောတယ်။ အဲဒီမှာ ကျွန်မ အဲဒီအစ်ကိုနဲ့ လိုက်သွားတယ်။ အဲဒီအစ်ကိုက ကျွန်မကို ငှက်ပျောတောထဲမှာ ငါးရက်လောက်ထားတယ်။ အဲဒီမှာ သူက MDY PDF အကြမ်းဖက် အဖွဲ့အစည်းထဲက ရဲဘော်တစ်ယောက်ဆိုတာ သိခဲ့ရတယ်။ ငါးရက်လောက်နေပြီးတော့ ယောကျ်ားလေး ၄၆ ယောက်၊ မိန်းကလေး ငါးယောက် စုပြီးတော့ R2 လူသစ်စုဆောင်းရေးမှာ သင်တန်းတက်ရောက်ဖို့ဆိုပြီးတော့ ကျွန်မတို့ကို ထားခဲ့တယ်။ PDF နည်းပြတွေက မိန်းကလေးတွေကို ထိကပါးရိကပါးတွေလည်း အမြဲလုပ်တယ်။ အဲဒီမှာ ကျွန်မက ထွက်ပြေးဖို့ ကြံစည်ခဲ့ပါတယ်။ ကြံစည်တာကို သူတို့သိသွားတော့ ကျွန်မကို ခြိမ်းခြောက်ပါတယ်။ ငါတို့ဖမ်းမိရင် နင့်ကို ဘာမှ လုပ်မှာမဟုတ်ဘူး။ တပ်မတော်ဘက်ကသာ နင့်ကို ဖမ်းမိသွားရင် ရိုက်နှက်တာတွေ၊ နှိပ်စက်တာတွေ၊ မုဒိမ်းကျင့်ပြီး သတ်မှာလို့ ပြောပြီး ခြိမ်းခြောက်ပါတယ်။ အဲဒါနဲ့ ကျွန်မလည်း ကြောက်ပြီး ဘာမှမလုပ်ရဲဘဲ နေနေရတယ်။ ပြီးတော့ ကျွန်မထက်အရင် အလင်းဝင်သွားတဲ့ အစ်မနဲ့ အဆက်အသွယ်ရခဲ့တယ်။ အဲဒီအစ်မကို ကျွန်မက ဒီမှာ မနေချင်တော့ဘူးလို့ပြောတော့ အစ်မက သူ့ဆီလာခဲ့လို့ ခေါ်တယ်။ အဲဒါနဲ့ ကျွန်မ သူ့ဆီကို လိုက်သွားတယ်။ ဒီက တာဝန်ရှိလူကြီးတွေက ကျွန်မကို နွေးနွေး ထွေးထွေး ကြိုဆိုတယ်။ ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ PDF နည်းပြတွေ ကျွန်မကို မှိုင်းသွင်းထားသလို တပ်မတော်ဘက်က ရိုက်တာ၊ နှိပ်စက်တာတွေ ဘာမှ မလုပ်ပါဘူး။ ကျွန်မကို အိမ်ပြန်ဖို့အတွက်လည်း စီစဉ်ပေးနေတယ်။ ကျွန်မမိဘတွေနဲ့လည်း တွေ့ရတော့မှာပါ။ ကျွန်မ အိမ်ပြန်ရောက်ရင် ကျောင်းဆက်တက်မယ်။ မိဘကို ကောင်းကောင်းမွန်မွန် ပြုစုမယ်။ ကျွန်မမိသားစုနဲ့ တိုင်းပြည်အတွက် အလုပ်ကြိုးစားလုပ်မှာပါ။ ပြီးတော့ တောထဲမှာကျန်ခဲ့တဲ့ ကျွန်မရဲ့ ညီအစ်ကို မောင်နှမအားလုံးကိုလည်း MDY PDF အကြမ်းဖက်အဖွဲ့အစည်းရဲ့ မကောင်းတဲ့လုပ်ရပ်တွေကို စွန့်လွှတ်ပြီးတော့ ကျွန်မတို့နဲ့ လာရောက်ပူးပေါင်းပါ။ တပ်မတော်ထံ လာရောက်အလင်းဝင်ပါလို့ ဖိတ်ခေါ်ပါတယ်။


