နီပေါအစိုးရက မကြာသေးမီက ရေကြီးရေလျှံမှုများကြောင့် ဆိုးရွားစွာထိခိုက်ခဲ့ရသူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အကူအညီပေးရန် သီရိလင်္ကာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၂၀၀၀၀၀ ငွေကြေးအကူအညီ ပေးအပ်မည်ဟု ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာန (DMC) ၏ ပြောကြားချက်အရ သီရိလင်္ကာနိုင်ငံသည် နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံးရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်များအနက်တစ်ခုနှင့်ရင်ဆိုင်နေရသဖြင့် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကြောင့် လူ ၃၃၄ ဦး ထက်မနည်းသေဆုံးပြီး ၃၇၀ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်ဟု သိရသည်။
အကူအညီပေးရေးအစီအစဉ်ကို ထုတ်ပြန်ကြေညာနေစဉ်အတွင်း နီပေါနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း နိုင်ငံတစ်ဝန်းတွင် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုများအတွက် အစိုးရနှင့် သီရိလင်္ကာပြည်သူများထံ အလွန်ဝမ်းနည်းကြောင်းဖော်ပြခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


