မုံရွာ ဒီဇင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်းရှိ “ဟွေထိုက်”အသေးစား ရေအားလျှပ်စစ်စီမံကိန်းကို သွားရောက်ကြည်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ကြည့်ရှုစစ်ဆေးစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာ တည်ဆောက်ပြီးစီးရေး၊ ကုန်ကြမ်းပစ္စည်းများ လုပ်ငန်းခွင်သို့ အချီန်မီရောက်ရှိရေးနှင့် သတ်မှတ်ကာလအတွင်း တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်သွားရေးတို့ကို မှာကြားပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
အဆိုပါစီမံကိန်းသည်“ဟွေထိုက်”ချောင်းပေါ်တွင် ရေထိန်းတမံတစ်ခုတည်ဆောက်၍ ရေသိုလှောင်ပြီး ရရှိလာမည့် ရေအားအမြင့်ကို အသုံးပြု၍ ၄ မဂ္ဂါဝပ် တပ်ဆင်စက်အင်အားရှိ နှစ်စဉ် လျှစ်စစ်ဓာတ်အား ၂၀ ဒသမ ၃၈၁ ကီလိုဝပ် နာရီသန်းပေါင်း ထုတ်လုပ်နိုင်မည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့ နာဂရိုးရာ ယဉ်ကျေးမှုပြတိုက်၌ ကျင်းပသည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ နာဂစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
ထို့နောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် နာဂဦးစီးအဖွဲ့ဥက္ကဋ္ဌတို့က မြို့နယ်များအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းများကြိုတင်စီမံ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးဌာနဆိုင်ရာများက မိမိတို့ ဌာနများအလိုက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


