တောင်ကြီး ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံခုတင်(၅၀၀)၌ ခွဲစိတ်ကုသမှုခံယူ ပြီးစီးသွားသည့် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများ၊ သွားနှင့်ခံတွင်းလူနာများအား လှည့်လည်ကြည့်ရှုပြီး အားပေးစကားပြောကြားကာ အာဟာရ ဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။
အဆိုပါ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများနှင့် သွား၊ ခံတွင်း ခွဲစိတ်ကုသမှုတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ မြို့နယ်များမှ ၂၄ ဦး လာရောက်ခွဲစိတ်ကုသမှု ခံယူလျက်ရှိကြောင်းနှင့် ကျန်းမာရေး ဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကုသရေးဦးစီးဌာနမှ ပါမောက္ခ၊ အထူးကု ဆရာဝန်ကြီးများက မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသမှုကို နိုဝင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ ခုတင်(၅၀၀)၌ ဆောင်ရွက်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် စဝ်စံထွန်းဆေးရုံကြီး၌ ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦ ဦးစီးဌာန အဆောက်အဦအထူးအဖွဲ့(၁၁)က တာဝန်ယူဆောင်ရွက်လျက်ရှိသည့် LA စက်ခန်းတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား သို့တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားတွင် Awareness Video Clip ပြသပြီး အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများနှင့် ပရဟိတဂေဟာမှ အမျိုးသမီးလေးများက ရိုးရာအကအလှများဖြင့်လည်းကောင်း၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက အင်းတိုင်းရင်းသားအကဖြင့် လည်းကောင်း၊ ပရဟိတဂေဟာမှ သမီးငယ်လေးများက ပအိုဝ်းအကဖြင့်လည်းကောင်း၊ အမှတ်(၅)အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသူများက အေရိုးဗစ်အကဖြင့်လည်းကောင်း ကပြဖျော်ဖြေ တင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


