ကျောက်ပန်းတောင်း ဒီဇင်ဘာ ၁

 

မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးသည် ယနေ့နံနက်   ၉    နာရီ က ကျောက်ပန်းတောင်းမြို့နယ်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးသို့ ရောက်ရှိ၍  စကားဝါမြေ ခန်းမ၌ ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများအား တွေ့ဆုံပြီး ပါတီစုံဒီမိုကရေစီ    အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးကိစ္စရပ်များ၊ မဲစာရင်းများ တိကျမှန်ကန်မှုရှိစေရေးနှင့် ပြည်သူများ စိတ်ပါဝင်စားစွာ မဲစာရင်း လာရောက်ကြည့်ရှုရေး အစရှိသည်တို့ကို ဆွေးနွေးမှာကြားပြီး ခရိုင်နှင့် မြို့နယ် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြန်လည် သုံးသပ်ဆွေးနွေးသည်။

 

ယင်းနောက်  တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးသည်  ခရိုင်နှင့် မြို့နယ် တာဝန်ရှိသူများနှင့်အတူ အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်း (ကျောက်ပန်းတောင်း)သို့ ရောက်ရှိပြီး   မြန်မာအီလက်ထရောနစ် မဲပေးစက်များ Installation လုပ်ငန်းဆောင်ရွက်ခြင်းကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့သည် လွတ်လပ်ရေး ရပ်ကွက်၊ တမ္ပဝတီရပ်ကွက်၊ ဈေးကွက်သစ် ရပ်ကွက်နှင့် လယ်ယားတောင် ကျေးရွာတို့တွင် ဒုတိယအကြိမ် မဲစာရင်းကပ် ကြေညာထားရှိမှုတို့ကို ကြည့်ရှုခဲ့ပြီး မဲစာရင်းများ တိကျမှန်ကန်စေရေး တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်း တစ်အိမ်တက်ဆင်း ဆောင်ရွက်နေမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)