ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း (ဇီးပင်ကြီး) နှင့် ဗဟိုမီးသတ်သင်တန်းကျောင်း (ပြင်ဦးလွင်) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော် ဒီဇင်ဘာ ၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း (ဇီးပင်ကြီး) နှင့် ဗဟိုမီးသတ်သင်တန်းကျောင်း (ပြင်ဦးလွင်) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) သို့ ရောက်ရှိရာ တက္ကသိုလ်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် တက္ကသိုလ်အစည်းအဝေးခန်းမတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦးက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၏ သမိုင်းအကျဉ်း၊ တည်နေရာ၊ တက္ကသိုလ်၏ ရည်မှန်းချက်များနှင့် လုပ်ငန်းတာဝန်များ၊ လေ့ကျင့်ရေးနှစ် တစ်နှစ်အတွင်း လေ့ကျင့်ပေးရန် လျာထားမှု၊ နိုင်ငံ့ဝန်ထမ်းများ၊ ဆရာ ဆရာမများအား လေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိမှု၊ ၁၉၉၉ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း သင်တန်းများ ဖွင့်လှစ်သင်ကြားခဲ့မှု၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များ၌ သင်တန်းများ ဖွင့်လှစ်လေ့ကျင့်ပေးခဲ့မှု၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၏ ဌာနများအလိုက် ဝန်ထမ်းများ ဖွဲ့စည်းခန့်အပ်ထားရှိမှု၊ သင်တန်းသားများအား သင်တန်းများလေ့ကျင့်သင်ကြားပေးလျက်ရှိမှု၊ မန္တလေးငလျင်ကြီးလှုပ်ခတ်စဉ် ထိခိုက်ပျက်စီးခဲ့သည့် စာသင်ဆောင်များအား ပြန်လည်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု၊ နှစ်ရှည်သီးနှံများနှင့် ရာသီသီးနှံများ စိုက်ပျိုးထားရှိမှု၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ပြီး သင်တန်းသားများနှင့် ဝန်ထမ်းများအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိမှု၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်နှစ်ခုတွင် သင်တန်းများအလိုက် သင်တန်းအချိန်ခွဲဝေမှု၊ သင်တန်းအဆင့်သတ်မှတ်ချက်များ၊ သင်ခန်းစာများ ခေတ်စနစ်နှင့် လျော်ညီမှုရှိစေရေးနှင့် တက္ကသိုလ်များ၏ မျှော်မှန်းချက်များအတိုင်း ဖြစ်စေရေး ပြန်လည်သုံးသပ်ပြင်ဆင်ခြင်းများ ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံ့ဝန်ထမ်းများ ရာထူးတိုးမြှင့်ခွင့် မဆုံးရှုံးစေရန်အတွက် သင်တန်းသားအရေအတွက် ပိုမိုလေ့ကျင့်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်
တင်ပြမှုများနှင့် စပ်လျဉ်း၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက ဗဟိုဝန်ထမ်းတက္ကသိုလ်သည် ယခင်ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) ကို ဆိုရှယ်လစ်ခေတ်တွင် စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအား နိုင်ငံရေးတွင် တူညီသည့်သဘောထားများဖြစ်စေရန်၊ ရုံးလုပ်ငန်းစည်းမျဉ်းစည်းကမ်းများအား စည်းစနစ်တကျဖြင့် တစ်ပြေးညီဖြစ်စေရေးအတွက် ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) ကို စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် နိုင်ငံ့ဝန်ထမ်းဦးရေအရ လုံလောက်မှုမရှိသေးသဖြင့် လက်ရှိနိုင်ငံ့ဝန်ထမ်း တက္ကသိုလ်များတွင် သင်တန်းသား ဦးရေများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ ဝန်ထမ်းများအနေဖြင့် သတ်မှတ်ထားသည့် သင်တန်းများ တက်ရောက်ပြီးမှသာ ရာထူးတိုးခြင်းများကို ဆောင်ရွက်ပေးမည်ဟု သတ်မှတ်ထားကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် အနာဂတ်အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဓိကအားဖြင့် ဝန်ကြီးဌာနအားလုံးရှိ နိုင်ငံ့ဝန်ထမ်းများ အားလုံးပုံစံတကျဖြစ်စေရန်အတွက် ယခုကဲ့သို့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များကို ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးနေခြင်းဖြစ်ကြောင်း။
နိုင်ငံသားတိုင်းအနေဖြင့် နိုင်ငံကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ကာကွယ်ရေးအတွက် အထောက်အကူပြုနိုင်ရေး အခြေခံစစ်ပညာရပ်များကို သင်ကြားလေ့ကျင့်ပေးနေခြင်းဖြစ်ကြောင်း၊ အခြေခံစစ်ပညာရပ်များ ထည့်သွင်းသင်ကြားပေးခြင်းဖြင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အမိန့်နာခံတတ်မှု၊ စည်းကမ်းစနစ်တကျဖြင့် လုပ်ကိုင်ဆောင်ရွက်တတ်မှု၊ အစုအဖွဲ့စနစ်ဖြင့် စုစည်းညီညွတ်သည့် စိတ်ဓာတ်ဖြင့် လုပ်ကိုင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရှိလာမည်ဖြစ်ကြောင်း၊ အလားတူ ဝန်ကြီးဌာနများအားလုံး၏ ရုံးလုပ်ငန်းစည်းမျဉ်းစည်းကမ်းများ စနစ်တကျဖြစ်စေရေးအတွက်လည်း သင်ကြားပေးလျက်ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်၏ ရည်မှန်းချက်မှာ နိုင်ငံတော်အတွက် လိုအပ်သည့် ဝန်ထမ်းကောင်းများကို မွေးထုတ်ပေးရန်ဖြစ်ကြောင်း၊ ယခုနိုင်ငံ့ဝန်ထမ်း တက္ကသိုလ်များတွင် ရုံးလုပ်ငန်း စည်းမျဉ်းစည်းကမ်းများ၊ အုပ်ချုပ်မှု လုပ်ငန်းများ စနစ်တကျဖြစ်စေရေး အမှုထမ်းများ၊ အရာထမ်းများအား ဘာသာရပ်များအလိုက် သင်ကြားလေ့ကျင့်ပေးနေခြင်းဖြစ်ကြောင်း၊ ထိုသို့ သင်ကြားပေးရာတွင်လည်း ထိရောက်သည့် သင်ကြားလေ့ကျင့်မှုများဖြစ်ရန်လိုကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ဝန်ထမ်းများအား စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်စေရေးနှင့် ပါတီနိုင်ငံရေးကင်းရှင်းသည့် ဝန်ထမ်းများ၊ နိုင်ငံကိုချစ်မြတ်နိုးသည့် စိတ်ရှိသည့် ဝန်ထမ်းကောင်းများဖြစ်အောင် လေ့ကျင့်ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ သင်ကြားပေးသည့် ဘာသာရပ်များ ထိရောက်အကျိုးရှိစေရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ သင်ရိုးညွှန်းတမ်းများသည် မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် သင်ရိုးညွှန်းတမ်းများဖြစ်ရန်လိုကြောင်း။
ဥပဒေနှင့်ပတ်သက်ပြီး မိမိတို့အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေခြင်းဖြစ်သဖြင့် ဥပဒေကို သိရှိနားလည်ကြရန်လိုကြောင်း၊ အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်းအားလုံး ဥပဒေကို သိရှိနားလည်ကြရန် လိုအပ်သဖြင့် အခြေခံပညာအဆင့်မှ စတင်၍ ဥပဒေအသိပညာများကို သင်ကြားပေးလျက်ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအားလုံးသည်လည်း အသက် (၁၈) နှစ်ပြည့်ပြီးသူများဖြစ်သဖြင့် ဥပဒေကို သိရှိနားလည်နေရန် လိုအပ်ပြီး သင်တန်းများ ဖွင့်လှစ်သင်ကြားရာတွင် ဥပဒေပညာရပ်များကို ထည့်သွင်းသင်ကြားပေးရန်လိုကြောင်း၊ ဝန်ကြီးဌာနများအားလုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးရှိ ရုံးလုပ်ငန်းစည်းမျဉ်းများ စနစ်တကျရှိစေရေး နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်မှစတင်၍ အခြေခံရရှိအောင် ဆောင်ရွက်ပေးရန်လိုကြောင်း။
သင်တန်းသားများ၏ စားသောက်နေထိုင်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်မှ ထိုက်သင့်သည့် နှုန်းထားဖြစ်စေရေး တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်အနေဖြင့် သင်တန်းသားများနှင့် ဝန်ထမ်းများ၊ မိသားစုများ၏ စားရေးကို အထောက်အကူပြုစေမည့် ရာသီသီးနှံများကို စိုက်ပျိုးဆောင်ရွက်သွားရန် လိုကြောင်း၊ အလားတူ ဝန်ထမ်းများအနေဖြင့်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဆိုပါက သက်သာချောင်ချိရေးအတွက် များစွာအထောက်အကူပြုစေမည် ဖြစ်ကြောင်း၊ မွေးမြူရေးနှင့် ပတ်သက်၍ သင်တန်းသားများနှင့် ဝန်ထမ်းများ၊ မိသားစုဝင်များအတွက် လိုအပ်သည့် ကြက်ဥများ၊ အသားများ လုံလောက်စွာရရှိရေးအတွက် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျတွက်ချက်မွေးမြူရန်လိုကြောင်း မှာကြားသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် နီလာခန်းမနှင့် မဟော်သဓခန်းမတို့အား လိုက်လံကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ခတ္တာဆောင်ရှိ သင်တန်းသူအိပ်ဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေးပြီး စားရိပ်သာ၌ အခြေခံဆရာ ဆရာမ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၈၂) သင်တန်းသူ ဆရာမများနှင့်အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်ကြပြီး နေ့လယ်စာသုံးဆောင်အပြီးတွင် သင်တန်းသူ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ဆက်လက်ပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရဲအရာရှိ လေ့ကျင့်ရေးကျောင်း (ဇီးပင်ကြီး) သို့ ရောက်ရှိရာ လေ့ကျင့်ရေးဌာနချုပ်ရုံး အစည်းအဝေးခန်းမ၌ ကော်မရှင်အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ရဲအရာရှိများအား လေ့ကျင့်ပေးနေသည့် ကျောင်းများနှင့် အခြားအဆင့် ရဲတပ်ဖွဲ့ဝင်များအား လေ့ကျင့်ပေးနေသည့် ကျောင်းများ၏ သမိုင်းအကျဉ်း၊ ဗဟိုမီးသတ်သင်တန်းကျောင်း သမိုင်းအကျဉ်းကို လည်းကောင်း၊ ရဲအရာရှိ လေ့ကျင့်ရေးကျောင်း (ဇီးပင်ကြီး) ကျောင်းအုပ်ကြီးနှင့် ဗဟိုမီးသတ်သင်တန်းကျောင်း (ပြင်ဦးလွင်) ကျောင်းအုပ်ကြီးတို့က သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ၊ သင်တန်းများအလိုက် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့မှု၊ စာပေပညာ၊ စစ်ပညာနှင့် ကြံ့ခိုင်ရေးဘာသာရပ်များ သင်ကြားလေ့ကျင့်ပေးလျက်ရှိမှု၊ သင်တန်းကျောင်းများအလိုက် ဝန်ထမ်းများ ခန့်အပ်ထားရှိမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် သက်သာချောင်ချိရေး ဆောင်ရွက်ပေးနိုင်မှု၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိမှု အခြေအနေများ၊ သင်တန်းများအလိုက် လက်တွေ့လေ့ကျင့်ခန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် လေ့ကျင့်ရေးအဆောက်အအုံများ၊ အထောက်အကူပြုယာဉ်များ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ပြည်သူ့ဆက်ဆံရေးကောင်းမွန်၍ အလေ့အကျင့်ကောင်း (Good Practice) ရှိသော ရဲတပ်ဖွဲ့ဝင်များ ဖြစ်စေရေး
တင်ပြမှုများနှင့် စပ်လျဉ်း၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက ရဲတပ်ဖွဲ့ဝင်အရာရှိများနှင့် အခြားအဆင့်များ၏ လေ့ကျင့်ရေးကို စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ရသည့် အဖွဲ့အစည်းများဖြစ်ပြီး တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ပြည်သူများနှင့် ထိတွေ့ဆက်ဆံနေရသည့် အဖွဲ့အစည်းများဖြစ်သဖြင့် ပြည်သူ့ဆက်ဆံရေး ကောင်းမွန်ရန်လိုကြောင်း၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ရဲဥပဒေများကိုသာမက ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ထုတ်ပြန်ထားသည့် ဥပဒေများအားလုံးကို မရှိမဖြစ် သိရှိနားလည်နေရန်လိုအပ်သဖြင့် ဥပဒေအသိပညာများကို သင်ကြားပေးရန်လိုကြောင်း။
ရဲတပ်ဖွဲ့ဝင်များသည် တရားဥပဒေစိုးမိုးရေး၊ စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ရခြင်းဖြစ်သဖြင့် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံနေရကြောင်း၊ ထို့ကြောင့် ပြည်သူ့ဆက်ဆံရေးကောင်းမွန်ရန်အတွက် တပ်ပြင်စည်းရုံးရေး ပညာရပ်များကို သင်ကြားပေးရန်လိုကြောင်း၊ အသိပညာအားနည်းသည့်သူများအနေဖြင့် ဥပဒေကို လိုက်နာမှုအားနည်းကြောင်း၊ မိမိတို့ တာဝန်ထမ်းဆောင်ရာဒေသအလိုက် ပြည်သူများ၏ စည်းကမ်းလိုက်နာမှုကိုကြည့်၍ စည်းကမ်း ထိန်းသိမ်းမှုများကို ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည် ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနေခြင်းဖြစ်သဖြင့် ပြည်တွင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ရဲတပ်ဖွဲ့ဝင်များကသာ ဆောင်ရွက်ရကြောင်း၊ ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည်များ မြင့်မားလာစေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ “အစကောင်းမှ အနှောင်းသေချာ” ဆိုသည့်အတိုင်း အရည်အချင်းရှိသည့် ရဲတပ်ဖွဲ့ဝင်ကောင်းများကို စဉ်ဆက်မပြတ် မွေးထုတ်ဆောင်ရွက်သွားကြရန်လိုကြောင်း။
ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အလေ့အကျင့်ကောင်း (Good Practice) များရရှိအောင် လေ့ကျင့်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ထိုသို့ လေ့ကျင့်ဆောင်ရွက်ပေးရာတွင် ဝတ်စားဆင်ယင်မှု စည်းကမ်းမှအစ နေ့စဉ်ဆောင်ရွက်ရမည့် နိစ္စဓူဝလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေရန်လိုကြောင်း၊ သမားစဉ်ဆောင်ရွက်ရမည့် ကျန်းမာကြံ့ခိုင်မှုလေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်ရေး၊ ဝတ်စားဆင်ယင်မှုများ စနစ်တကျဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ ရဲတပ်ဖွဲ့ဝင်များအပေါ် ပြည်သူလူထု၏ အမြင်ကောင်းမွန်စေရေး တာဝန်ထမ်းဆောင်ချိန်များတွင် အရက်၊ ဆေးလိပ်၊ ကွမ်း သုံးစွဲမှုများကို တစ်ဦးချင်း ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အလေ့အကျင့် ကောင်းများရရှိစေရေး သင်တန်းကျောင်းများမှစတင်၍ အခြေခံမှအစ လေ့ကျင့်ဆောင်ရွက်၍ ယုံကြည်ချက်၊ ခံယူချက်ကောင်းများရှိသည့် ရဲတပ်ဖွဲ့ဝင်များဖြစ်စေရေး လေ့ကျင့်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ “ကူညီပါရစေ” ဆိုသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဆောင်ပုဒ်အတိုင်း ပြည်သူများက အားကိုးရသည့် ရဲတပ်ဖွဲ့ဝင်ကောင်းများ ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ရဲတပ်ဖွဲ့ဝင်တစ်ဦးချင်း၏ အတွေးအခေါ်များ ကောင်းမွန်တိုးတက်စေရေး စာအုပ်စာပေများကိုလည်း ဖတ်ရှုလေ့လာနေရန်လိုကြောင်း။
အုပ်ချုပ်မှုနှင့် ပတ်သက်၍ အုပ်ချုပ်မှုများ ညီညွတ်မျှတနေရန်လိုကြောင်း၊ ဦးစီးခေါင်းဆောင် အဖြစ် တာဝန်ယူဆောင်ရွက်ရာတွင် အုပ်ချုပ်မှုများညီညွတ်မျှတမှု ရှိစေရေး ဒုရဲအုပ်သင်တန်းမှစတင်၍ သင်ကြားလေ့ကျင့်ဆောင်ရွက် ပေးရန်လိုကြောင်း၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့ဝင်များအတွက် အထောက်အကူ ဖြစ်စေမည့် ကိုယ်ခံပညာရပ်များကို သင်တန်းကျောင်းများ၌ မဖြစ်မနေ သင်ကြားလေ့ကျင့်ပေးသွားရန်လိုကြောင်း၊ ထိုသို့ သင်ကြားနိုင်ရန်အတွက်လည်း ကိုယ်ခန္ဓာများ ကြံ့ခိုင်သန်စွမ်းနေရန်လိုကြောင်း၊ ရဲတပ်ဖွဲ့သည် နိုင်ငံအတွက် အဓိကကျသည့် အခန်းကဏ္ဍမှ တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည့်အတွက် ရဲတပ်ဖွဲ့ဝင်ကောင်းများ မွေးထုတ်ပေးသွားရန်လိုကြောင်း၊ အမျိုးသမီးတပ်ဖွဲ့ဝင်များ၏ နိုင်ငံ့တာဝန်ထမ်းဆောင်မှုများအပေါ်တွင်လည်း လေးစားအသိအမှတ်ပြုရန်လိုပြီး အချင်းချင်း ညီရင်းအစ်ကို၊ မောင်ရင်းနှမစိတ်ဓာတ်ဖြင့် အတူတကွ တာဝန်ထမ်းဆောင်သွားကြရန်လိုကြောင်း။
ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ သက်သာချောင်ချိရေးအတွက် တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အများစားသုံးနိုင်သည့် အသား၊ ငါး၊ ဥနှင့် သီးနှံများကို အဓိကထား စိုက်ပျိုးမွေးမြူသွားရန်လိုကြောင်း၊ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ခြင်းအားဖြင့် တပ်ဖွဲ့ဝင်များ၊ သင်တန်းသားများ၊ မိသားစုဝင်များ၏ သက်သာချောင်ချိမှုကို ဖော်ဆောင်ပေးနိုင်မည် ဖြစ်ကြောင်းဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် သင်တန်းကျောင်းပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ကိုလိုနီခေတ်တွင် အသုံးပြုခဲ့သည့် ရဲတပ်ဖွဲ့အသုံးအဆောင်ပစ္စည်းများနှင့် ရဲတပ်ဖွဲ့တံဆိပ်၊ ပခုံးတံဆိပ်များ၊ လက်ရှိအသုံးပြုလျက်ရှိသည့် ရဲတပ်ဖွဲ့ အသုံးအဆောင်ပစ္စည်းများ၊ အဆင့်တံဆိပ်များနှင့် ဝတ်စုံများ၊ ရဲတပ်ဖွဲ့သုံး လက်နက်များ၊ မှတ်တမ်းဓာတ်ပုံများနှင့် ပြည်ပနိုင်ငံများမှပေးပို့သည့် အမှတ်တရပစ္စည်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် သင်တန်းကျောင်းပြတိုက် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။
၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် သင်တန်းကျောင်း စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သင်တန်းသားများ ဗဟုသုတတိုးပွားစေရေးအတွက် စာအုပ်စာစောင်များဖတ်ရှုစေရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ စာကြည့်တိုက်အတွင်း စာအုပ်များ စနစ်တကျထားရှိရန်နှင့် သုတ၊ ရသ စာအုပ်စာစောင်များကိုလည်း ထပ်မံဖြည့်ဆည်းဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဗဟိုမီးသတ်သင်တန်းကျောင်း (ပြင်ဦးလွင်) အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အိမ်ထောင်သည်လိုင်းခန်းအတွင်းရှိ ရဲမေများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လိုအပ်သည်များ မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


