နေပြည်တော်    ဒီဇင်ဘာ    ၁

ထိုင်းနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ  ၉  ရက်မှ ၂၀ ရက်အထိ ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် မြန်မာနိုင်ငံ လှေလှော် အဖွဲ့ချုပ်မှ ကနူး/ကယက်လှေလှော်အားကစားသမားများ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ယနေ့တွင် အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများသည် ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။       

 “ပြိုင်ပွဲမှာ အောင်မြင်မှုတွေရရှိအောင် ကြိုးစားဖို့ ပြိုင်ပွဲဝင်အားလုံးက စိတ်အားထက်သန်နေပါတယ်။ ဒီနေ့ ကြိုတင်သွားတဲ့အတွက် ထိုင်းနိုင်ငံမှာ ဒီဇင်ဘာ ၃ ရက်ကစပြီး  လေ့ကျင့်မှုတွေ   လုပ်ဆောင်နိုင်မှာဖြစ်တဲ့အတွက် ပြိုင်ပွဲအနေအထားနဲ့ အသားကျသွားမှာပါ။ ပြိုင်ပွဲမှာ ကနူး/ ကယက်လှေတွေနဲ့ ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် ကျွန်တော်တို့ အသုံးပြုမယ့်လှေတွေက ကွန်တိန်နာတွေနဲ့ ကြိုတင်ရောက်ရှိနေပါပြီ”ဟု မြန်မာနိုင်ငံ  လှေလှော်အဖွဲ့ချုပ်မှ   ကနူး/ကယက် လှေလှော်နည်းပြ ဦးသက်လွင်ဝင်းက ပြောသည်။

မြန်မာနိုင်ငံ ကိုယ်စားပြုအသင်းတွင် နည်းပြသုံးဦး၊ အားကစားသမား ၁၇ ဦး ပါဝင်ပြီး မြန်မာနိုင်ငံ အသင်းအနေဖြင့်  ပြိုင်ပွဲစတင်သည့်  ဒီဇင်ဘာ  ၁၀ ရက်မှ   ၁၂  ရက်အထိ   ပြိုင်ပွဲအမျိုးအစားအလိုက် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကာ  ဒီဇင်ဘာ  ၁၀  ရက်တွင် မီတာ ၅၀၀ ပြိုင်ပွဲ   ယှဉ်ပြိုင်မှု    ပွဲစဉ်လေးပွဲ၊ ဒီဇင်ဘာ ၁၁ ရက်တွင် မီတာ ၂၀၀ ပြိုင်ပွဲယှဉ်ပြိုင်မှု ပွဲစဉ်သုံးပွဲနှင့် ဒီဇင်ဘာ ၁၂ ရက်တွင် မီတာ ၂၀၀ ပြိုင်ပွဲ ပွဲစဉ်သုံးပွဲ   ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်မှ သိရသည်။

“ကျွန်တော့်အဖွဲ့အနေနဲ့  ကမ္ဘောဒီးယားဆီးဂိမ်းပြီးတဲ့အချိန်ကနေ ဆက်လက်ပြီး စခန်းသွင်းလေ့ကျင့်မှုတွေ  ဆောင်ရွက်ခဲ့တာပါ။   အဲဒီလိုစခန်းသွင်းလေ့ကျင့်မှုတွေမှာ  အရင်လက်ရွေးစင်ဟောင်းတွေအပြင်  ပြည်နယ်နဲ့တိုင်းဒေသကြီး  ပြိုင်ပွဲတွေက လူသစ်တွေကိုလည်း ရွေးချယ်စုဖွဲ့ပြီး တော့ လေ့ကျင့်စေခဲ့တာဖြစ်ပါတယ်။  ဆီးဂိမ်းပြိုင်ပွဲမှာ ကနူး/ကယက်လှေလှော်အဖွဲ့အနေနဲ့ အင်တိုက်အားတိုက် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး  အထူးသဖြင့်  အဓိကပြိုင်ဘက်တွေဖြစ်တဲ့ အိမ်ရှင်နိုင်ငံ၊  အင်ဒိုနီးရှားနဲ့  ဗီယက်နမ်နိုင်ငံတို့ကို သတိထားယှဉ်ပြိုင်သွားမှာပါ။ ပြိုင်ပွဲမှာမြန်မာ၊ စင်ကာပူ၊   ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊   မလေးရှား၊ ဗီယက်နမ်နဲ့ တခြားနိုင်ငံတွေကလည်း ပါဝင်ယှဉ်ပြိုင်ကြမှာပါ” ဟု နည်းပြ ဦးသက်လွင်ဝင်းက ရှင်းပြသည်။

မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်အနေဖြင့်  နိုင်ငံ့ဂုဏ်ဆောင်  ဆုတံဆိပ်များစွာရရှိထားပြီး  ယခုကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်လည်း   နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်များစွာ ထပ်မံဆွတ်ခူးပေးနိုင်ရန် မျှော်မှန်းကြိုးပမ်းလျက်ရှိသည်။

“ပွဲစဉ် ၁၀ ပွဲထဲက အမျိုးသားကနူးလှေပြိုင်ပွဲမှာ မီတာ ၅၀၀ အမျိုးသား တစ်ယောက်လှော်၊ မီတာ ၂၀၀  အမျိုးသားနှစ်ယောက်လှော်၊ မီတာ   ၂၀၀  အမျိုးသားလေးယောက်လှော်နဲ့  ကနူးအမျိုးသမီး နှစ်ယောက်လှော် မီတာ ၂၀၀၊  ကနူးအမျိုးသမီး နှစ်ယောက်လှော် မီတာ ၅၀၀ စတဲ့ ပြိုင်ပွဲငါးပွဲ၊ကယက် လှေပြိုင်ပွဲမှာ မီတာ ၂၀၀ အမျိုးသားနှစ်ယောက်လှော်၊ မီတာ ၂၀၀ အမျိုးသား လေးယောက်လှော်ဆိုပြီး သီးသန့်ပြိုင်ပွဲနှစ်ပွဲရှိပါတယ်။ ကျား/မပေါင်း ယှဉ်ပြိုင်ရတဲ့ မီတာ ၂၀၀ အမျိုးသား အမျိုးသမီး နှစ်ယောက်လှော်၊ မီတာ ၅၀၀ အမျိုးသား အမျိုးသမီး နှစ်ယောက်လှော်၊ မီတာ ၅၀၀ အမျိုးသား အမျိုးသမီး လေးယောက်လှော်ဆိုပြီး ပြိုင်ပွဲငါးပွဲနဲ့ စုစုပေါင်းပြိုင်ပွဲ ၁၀ ပွဲကို နိုင်ငံကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်သွားမှာပါ။ အားကစားပြိုင်ပွဲဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်နဲ့ စည်းလုံးညီညွတ်မှုကိုပြသတဲ့ ပုံရိပ်တစ်ခုပါ။ ဒါကြောင့် ကျွန်တော်တို့အဖွဲ့အနေနဲ့ အစဉ်အမြဲ ဆုရရှိနေတာဖြစ်တဲ့အတွက် (၃၃)ကြိမ်မြောက် ပြိုင်ပွဲမှာလည်း အောင်ပန်းနှင့်အတူ နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်တွေ ပွေ့ပိုက်သယ်ဆောင်ပြီး ပြန်လာနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု နည်းပြ ဦးသက်လွင်ဝင်းက ပြောကြားသည်။

သစ္စာ(MNA)

ဓာတ်ပုံ - ဇွဲမာန်