နေပြည်တော် ဒီဇင်ဘာ ၁ 

 

မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့် ဒေသတွင်း တာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိ ပစ္စည်းများနှင့် တရားမဝင် အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

 

ဖြိုချဖျက်ဆီးပြီးဖြစ် 

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြဝတီ-မဲ့ထော်သလေး (KK Park) အပိုင်း (၃) နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံများဖြစ်သော တစ်ထပ်အဆောက်အအုံ တစ်လုံး၊ နှစ်ထပ်အဆောက်အအုံ လေးလုံး၊ လေးထပ်အဆောက်အအုံနှစ်လုံး စုစုပေါင်း တရားမဝင်အဆောက်အအုံ ခုနစ်လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် အပိုင်း (၃) နယ်မြေအတွင်းရှိ အဆောက်အအုံ ၄၂၅ လုံးအနက် ယနေ့အထိ ၁၃၅ လုံး ဖြိုချဖျက်ဆီးခဲ့ကြောင်းနှင့် KK Park နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံစုစုပေါင်း ၆၃၅ လုံးအနက် ၂၈၃ လုံးကို ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။ 

 

အလားတူ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌လည်း ရှင်းလင်းဖော်ထုတ်မှုများကို နိုဝင်ဘာ ၁၈ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင်လည်း ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှုနှင့် ဆက်နွှယ်သော အဆောက်အအုံ ၆၁ လုံး တို့ကို ထပ်မံစစ်ဆေးခဲ့ရာ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသူများကို တွေ့ရှိရခြင်းမရှိဘဲ လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုသည့် ပစ္စည်းများကိုလည်း တစ်ပါတည်း ဖြုတ်သိမ်းယူဆောင်သွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။ 

 

ထို့ပြင် ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုများ လုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံများအား နိုဝင်ဘာ ၁၈ ရက်မှ စတင်စစ်ဆေးခဲ့ရာ ယနေ့အထိ တရားမဝင်အဆောက်အအုံ ၁၄၀ ကို စစ်ဆေးတွေ့ရှိရပြီး အဆိုပါ အဆောက်အအုံများကို ပြန်လည်အသုံးပြုမှုမရှိစေရေးအတွက် သိမ်းဆည်းချိပ်ပိတ်ခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့အတွင်း တရားမဝင်အဆောက် အအုံ ၁၃ လုံးကို ထပ်မံ ချိပ်ပိတ်သိမ်းဆည်းနိုင်ခဲ့ပြီး တရားမဝင် အဆောက်အအုံ စုစုပေါင်း ၁၃၂ လုံး ချိပ်ပိတ်သိမ်းဆည်းပြီးဖြစ်ကြောင်း သိရသည်။ 

 

ရွှေကုက္ကိုလ်နယ်မြေအတွင်း စုစုပေါင်းဖော်ထုတ်ရှင်းလင်းမှုများအရ ယနေ့အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၉၅၄ ဦးနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၃၃၁၀၊ မိုဘိုင်းဖုန်း ၂၁၈၇၀၊ Star Link ဘန်း ၁၀၂ လုံး၊ Router ၂၂ လုံးနှင့် လုပ်ငန်းသုံးပစ္စည်း အများအပြားကို စိစစ်တွေ့ရှိ ဖမ်းဆီးရမိခဲ့ပြီး သိမ်းဆည်းရမိပစ္စည်းများအား စနစ်တကျ ဖျက်ဆီးရှင်းလင်းခဲ့ကြောင်းနှင့် ဖော်ထုတ်ရှင်းလင်းခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

ကရင်ပြည်နယ် မြဝတီမြို့-ရွှေကုက္ကိုလ်နယ်မြေတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ အပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၁၃၁ ဦးနှင့် ပါကစ္စတန်နိုင်ငံသား ၃၀ စုစုပေါင်း ပြည်ပနိုင်ငံသား ၁၆၁ ဦးတို့ အား ယနေ့တွင် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။

 

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၂၉၄၅ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ကြောင်း၊ ၎င်းတို့အနက်မှ ၁၀၁၉၀ ကို ထိုင်းနိုင်ငံမှ တစ်ဆင့်သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၇၅၅ ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်း သိရသည်။ 

 

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်