နေပြည်တော် ဒီဇင်ဘာ ၁
နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ အလေးထားတိုက်ဖျက် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆိုပါဒုစရိုက်မှုနှိမ်နင်းရေး လုပ်ငန်းများကို တက်ကြွစွာဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၃၀ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည် လောင်းကစား မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသား ၂၈ ဦးအား အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လူနေအဆောက်အအုံများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ကျောက်မဲမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ သည် နိုဝင်ဘာ ၃၀ ရက်တွင် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာ၏တောင်ဘက် ဒုဋ္ဌဝတီမြစ်အနီးသို့ရောက်ရှိစဉ် မသင်္ကာဖွယ်ရာ အဆောက်အအုံများကို တွေ့ရှိရသဖြင့် ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် လောင်းကစားမှုများ လုပ်ဆောင်နေသည့်နေရာဖြစ်ကြောင်း တွေ့ရှိရပြီး လုပ်ငန်းလုပ်ကိုင်နေကြသူများအား မတွေ့ရှိရဘဲ အလျား ပေ ၆၀၊ အနံပေ ၃၀ ရှိ သွပ်မိုး သုံးထပ်သားကာ အိပ်ဆောင်ခြောက်လုံး၊ အလျား ပေ ၆၀၊ အနံပေ ၃၀ ရှိ သွပ်မိုး သုံးထပ်သားကာ လုပ်ငန်းဆောင် ငါးလုံး၊ အလျား ပေ ၆၀၊ အနံပေ ၃၀ ရှိ သွပ်မိုး သုံးထပ်သားကာ အစားအစာသိုလှောင်ရုံ ခြောက်လုံး၊ အလျား ပေ ၆၀၊ အနံပေ ၃၀ ရှိ ဆောက်လုပ်ဆဲ လုပ်ငန်းဆောင် တစ်လုံး၊ အလျား ပေ ၆၀၊ အနံပေ ၃၀ ရှိ ဆောက်လုပ်ဆဲ အိပ်ဆောင် တစ်လုံး၊ အလျား ပေ ၈၀၊ အနံ ၁၅ ပေရှိ အထွေထွေသုံးအဆောင် တစ်လုံး၊ အလျား ပေ ၈၀၊ အနံ ၁၀ ပေရှိ သုံးထပ်သားကာ တန်းလျားရှည်အိမ်သာ တစ်လုံး၊ အလျား ပေ ၃၀၊ အနံ ၁၀ ပေရှိ အိပ်ခန်းတွဲ လေးခန်းတွဲ အိပ်ဆောင်တစ်လုံး၊ အိပ်ခန်းလေးခန်းတွဲ (ရိက္ခာစတိုပါ) နှစ်ထပ်ဆောင်တစ်လုံး၊ မီးစက်အကြီး တစ်လုံး၊ ၁၅ ပေအမြင့် ကင်းစောင့်သစ်သားမျှော်စင် ငါးလုံး၊ အလျား ပေ ၂၀၊ အနံ ၁၀ ပေ အိပ်ဆောင်တန်းလျားတစ်လုံး၊ အလျား ပေ ၇၀၀၊ အနံပေ ၄၀၀၊ သွပ်ကာခြံဝင်းတစ်ခု၊ ALL IN ONE DESKTOP ကွန်ပျူတာ အလုံး ၃၀၊ STAR LINK ဗန်း ၁၀ ခု၊ AIR COOLER တစ်လုံး၊ XIAOMI ဝိုင်ဖိုင်စက်နှစ်လုံး၊ SOUND BOX တစ်လုံး၊ POWER STATION သုံးလုံး၊ ငွေရေတွက်စက် တစ်လုံး၊ ငွေကတ်ဖြတ်စက် သုံးလုံး၊ ကွန်ပျူတာ ဆက်စပ်ပစ္စည်းများနှင့် အခြား လျှပ်စစ်သုံးပစ္စည်းများကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်စဉ် တောင်ထိပ်ကျေးရွာအနီး ထပ်မံ၍ရှင်းလင်းရာ အဆိုပါနေရာ ၏မြောက်ဘက်တွင် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ လုပ်ကိုင်နေသူများ ဖြစ်သည့် တရုတ်နိုင်ငံသား ၁၀ ဦးအား လည်းကောင်း၊ ယနေ့တွင် အဆိုပါနေရာ၏ မြောက်ဘက် တောင်ထိပ်ကျေးရွာ၏ တောင်ဘက်တွင် တရုတ်နိုင်ငံသား ၁၀ ဦးအား လည်းကောင်း၊ တောင်ထိပ် ကျေးရွာ၏ မြောက်ဘက်ရှိ ပုံဝိုးကျေးရွာအနီးတွင်လည်း တရုတ်နိုင်ငံသား ရှစ်ဦးအား လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။
ပါဝင်ပတ်သက်သူများအား စနစ်တကျ စိစစ်ဖော်ထုတ်
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်ခြင်းများ ပပျောက်စေရေးကို မြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်နှိမ်နင်းသွားမည်ဖြစ်ပြီး ၎င်းလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်နေသူများအား ဖော်ထုတ်ဖမ်းဆီး၍ ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် အဆိုပါ သိမ်းဆည်းရမိ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လူနေအဆောက်အအုံများ၊ နေရာထိုင်ခင်းများအား မီးရှို့ဖျက်ဆီးခဲ့ပြီး ဖမ်းဆီးရမိသူများနှင့် ပါဝင်ပတ်သက်သူများအား စနစ်တကျ စိစစ်ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ တရားစွဲဆို အရေးယူဆောင်ရွက်နိုင်ရေးနှင့် ပြည်ပနိုင်ငံသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဆောက်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


