နေပြည်တော် ဒီဇင်ဘာ ၂

 

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ (၆/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်စီးပွားရေးအတွက် အလားအလာကောင်းသော ငရုတ်ကောင်း၊ ကော်ဖီ၊ နေကြာ၊ ကြက်သွန်နီတို့ကို တိုးချဲ့စိုက်ပျိုးနိုင်ရေး အပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် ကော်မတီဝင် ပြည်နယ်အဆင့် တာဝန်ရှိသူများက ယခင် (၅/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ကော်ဖီ၊ ငရုတ်ကောင်း၊ ကြက်သွန်နီတိုးချဲ့စိုက်ပျိုးမည့်အစီအစဉ်၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးနှံအာမခံ ထားရှိနိုင်ရေး၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ကာလတူ နှိုင်းယှဉ်ချက်၊ သီးနှံအထွက်နှုန်းနှင့် မြေဆီလွှာပြုပြင်ဆောင်ရွက်မှု၊ မျိုးစေ့ထုတ်လုပ်ငန်းများ နည်းပညာပေးစံပြကွက်များ မျိုးစေ့ဖြန့်ဖြူးထားရှိမှုနှင့် တိုးချဲ့စိုက်ပျိုးမည့် အစီအစဉ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထုတ်ချေးပေးထားမှု၊ မွေးမြူတိရစ္ဆာန်ကောင်ရေ၊ အသား၊ ငါး၊ ဥထုတ်လုပ်မှုစားသုံးမှု ဖူလုံမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် တာဝန်ရှိသူများက သက်ဆိုင်ရာ ခရိုင်များအလိုက် လယ်ယာ၊ သားငါးကဏ္ဍ အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြကာ တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)