နေပြည်တော် ဒီဇင်ဘာ ၂

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ် ထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌအား ကန်တော်ကြီးဥယျာဉ် ရှင်းလင်းဆောင်ခန်းမ၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးနှင့် ဥယျာဉ်တာဝန်ခံကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေးတို့က ၂၀၂၅ ခုနစ် အောက်တိုဘာ ၃ ရက်၌ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကန်တော်ကြီးဥယျာဉ်သို့ လာရောက်စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအား လိုက်နာဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အမျိုးသားကန်တော်ကြီး ဥယျာဉ် (၁၈) ကြိမ်မြောက် ပန်းပွဲတော်အား စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပြကွက်များအလိုက် အလှပန်းမန်များ စိုက်ပျိုးထားရှိမှု  အခြေအနေများ၊ လာရောက်အပန်းဖြေ အနားယူကြမည့်သူများအတွက် ဂီတဖျော်ဖြေပွဲများ ထည့်သွင်းဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပန်းပွဲတော်တေးသီချင်း စီစဉ်ရိုက်ကူးထားရှိမှုအား တင်ပြသည်။

 

တင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက ပြင်ဦးလွင်မြို့သည် ပန်းမြို့တော်ဖြစ်ရမည်ဖြစ်ပြီး ဒေသပန်းမျိုးများ၊ နိုင်ငံခြားဖြစ် ပန်းမျိုးများအားလုံး ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်၍ အခြားဒေသများသို့ ဖြန့်ချိနိုင်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်ပနိုင်ငံများသို့လည်း ပန်းများကို တင်ပို့ရောင်းချနိုင်မည်ဖြစ်သဖြင့် ပြင်ဦးလွင်ဒေသအတွင်း ပန်းစိုက်ပျိုးမှုများကို အားပေးဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ဒေသ၏ ရေခံမြေခံကောင်းများကို အကျိုးရှိစွာအသုံးချ၍ ပန်းမြို့တော် အင်္ဂါရပ်နှင့်ကိုက်ညီအောင် ဖော်ဆောင်သွားကြရမည် ဖြစ်ကြောင်း၊ ပြင်ဦးလွင်ဒေသအတွင်း ပန်းစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေး ကျွမ်းကျင်ပညာရှင်များဖြင့် စနစ်တကျ ဆက်လက်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသပန်းမျိုးများကို ထိန်းသိမ်းခြင်းနှင့် အရောင်အဆင်း၊ အနံ့ကောင်းမွန်ပြီး အရည်အသွေး တိုးတက်အောင် သက်ဆိုင်ရာသုတေသနအဖွဲ့များက ဆောင်ရွက်သွားရန်လိုသကဲ့သို့ အခြားဒေသမှ ပန်းမျိုးကောင်း မျိုးသန့်များကိုလည်း ဒေသတွင်း အောင်မြင်ဖြစ်ထွန်းစွာဖြင့် ဖူးပွင့်နိုင်ရေး စမ်းသပ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဥယျာဉ်နေရာများ၌သာမက မြို့အတွင်းရှိ လမ်းများ၊ ရပ်ကွက်များအတွင်း၌လည်း သစ်ပင်ပန်းမန်များ စိုက်ပျိုး၍ မျက်စိပသာဒဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း။

 

ထို့ပြင် ပြင်ဦးလွင်မြို့၏ တောင်ဘက်ပိုင်း၌ သစ်တောဖုံးလွမ်းမှုရှိစေရေး ပြန်လည်ဆောင်ရွက်သွားရန်လိုပြီး ပြင်ဦးလွင်ဒေသ၏ စိမ်းလန်းစိုပြည်မှုနှင့် အေးမြသာယာသည့် ရာသီဥတုကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့အတွင်း လမ်းဘေးများရှိ သစ်ပင်များနှင့် ကန်တော်ကြီး ဥယျာဉ်အတွင်းရှိ သစ်ပင်များကိုလည်း အောက်ခြေရှင်းခြင်း၊ အလင်းဖွင့်ခြင်းတို့ ဆောင်ရွက်၍ လေဝင်လေထွက်ကောင်းမွန်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။    

 

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု၍ ရွှံ့နွံလျှောက်လမ်း ဆောင်ရွက်ထားရှိမှု၊ ဥယျာဉ်အတွင်း သစ်ပင်ပန်းမန်များ စိုက်ပျိုးထိန်းသိမ်းထားရှိမှုများ၊ ဒေသပန်းမျိုးများ သုတေသနစင်တာနှင့် စမ်းသပ်စိုက်ခင်းအတွင်း သုတေသနပြု စိုက်ပျိုးစမ်းသပ်ထားရှိမှု၊ ရေကန်ပတ်လမ်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ဥယျာဉ်အတွင်း သန့်ရှင်းသာယာလှပမှုရှိစေရေး၊ ရေစီးရေလာကောင်းမွန်မှုရှိစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ရွှံ့နွံလျှောက်လမ်းပေါ်တွင် လူအများ သွားလာကြမည်ဖြစ်သဖြင့် သစ်အမျိုးအစားကောင်းများ အသုံးပြုခင်းကျင်းရန်နှင့် ကြံ့ခိုင်သပ်ရပ်မှုရှိအောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသပန်းမျိုးများအား စနစ်တကျသုတေသနပြုလုပ်၍ အပင်သက်တမ်း၊ အပွင့်သက်တမ်းမြင့်မားစေရေး၊ ပွင့်အားကောင်းမွန်မှုရှိစေရေး ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

 

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကန်တော်ကြီးပတ်လမ်းနှင့် ခြံစည်းရိုးဆောင်ရွက်ထားရှိမှုအား လျှောက်လမ်းတစ်လျှောက် လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လျှောက်လမ်းနံဘေး၌ အလှပန်းမန်များ စိုက်ပျိုးသွားရန်၊ သန့်ရှင်းသာယာမှုရှိစေရေး ဆောင်ရွက်သွားရန်၊ လမ်းလျှောက်သူများ ဘေးအန္တရာယ် ကင်းရှင်းမှုရှိစေရေးအတွက် လိုအပ်သည်များ ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

 

အဆိုပါ ကန်တော်ကြီးပတ်လမ်း ခြံစည်းရိုးနှင့် လူသွားလမ်းအား ၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်း နိုင်ငံတော်အကြီးအကဲ လာရောက်စစ်ဆေးစဉ် လမ်းညွှန်မှာကြားမှုဖြင့် ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လူသွားလမ်းအကျယ် ခုနစ်ပေမှ ၁၂ ပေ၊ လမ်း အရှည်ပေ ၁၉၀၀ ရှိလူသွားလမ်းနှင့် ခြံစည်းရိုးအား ပြုပြင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ လူသွားလမ်းအား ပြုပြင်တည်ဆောက်ခဲ့ခြင်းကြောင့် အများပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစွာဖြင့် ကန်တော်ကြီးပတ်လမ်းတစ်လျှောက် အနားယူအပန်းဖြေလမ်းလျှောက်ခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်