နေပြည်တော် ဒီဇင်ဘာ ၂
စာပေယဉ်ကျေးမှုကို မြှင့်တင်ရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်များ တိုးပွားလာစေရန် ရည်ရွယ်ကျင်းပသည့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
ပွဲတော်သို့ နေပြည်တော် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီဥက္ကဋ္ဌ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်မုခ်ဦးကို နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဇေယျာသီရိမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက မျိုးချစ်စိတ်ဓာတ် ရှင်သန်တက်ကြွစေသည့် “ဇာတိမာန်တေးသီချင်း”ဖြင့် လည်းကောင်း၊ “စာကြည့်တိုက်သို့သွားကြ စို့”တေးသီချင်းဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌက နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် ယခုကဲ့သို့ စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်များကို အခြေခံပညာ၊ အဆင့်မြင့်ပညာ ကျောင်းများတွင် စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေး စေလိုကြောင်း မှာကြားသည်။
ဆက်လက်၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌက ကျောင်းစာ ကြည့်တိုက်များ ရေရှည်ရှင်သန် ဖွံ့ဖြိုးစေရန်အတွက် ငွေပဒေသာပင်များနှင့် စာအုပ်စာစောင်များကို ပေးအပ်ပြီး နေပြည်တော်ကောင်စီ ဝင်များက “စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသည့် စာရေးဆရာ ရဲမွန်ကျော်နှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ကြသည်။
ထို့နောက် ခင်းကျင်းပြသထားသည့် လှပသာယာပြည်မြန်မာ ဓာတ်ပုံမှတ်တမ်းများ၊ စာအုပ် စာစောင်များနှင့် ကာယစွမ်းရည်၊ ဉာဏစွမ်းရည် ပြိုင်ပွဲများတွင် ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)


