နေပြည်တော် ဒီဇင်ဘာ ၂
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြင်ဦးလွင်မြို့ စစ်မှုထမ်းဟောင်းအိမ်ရာ တည်ဆောက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ရှင်းလင်းဆောင်ခန်းမ၌ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးဇော်ဟိန်းနှင့် တာဝန်ရှိသူများက ဘဏ္ဍာရေးနှစ်အလိုက် စစ်မှုထမ်းဟောင်းအိမ်ရာ အဆောက်အအုံများ တိုးချဲ့တည်ဆောက်လျက်ရှိမှု၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား နေရာချထားပေးလျက်ရှိမှုနှင့် လုပ်ငန်းဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တည်ဆောက်ပြီးစီးသည့် အိမ်ရာများ၌ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ စနစ်တကျနေရာချထားပေးသွားရန် လိုကြောင်း၊ အဆောက်အအုံများ တည်ဆောက်ရာတွင်လည်း သတ်မှတ်ကာလအတွင်း ပြီးစီးမှုရှိစေရေး၊ စံချိန်စံညွှန်းပြည့်မီမှုရှိစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန် လိုကြောင်း၊ အိမ်ရာတွင်နေထိုင်သူများ ကျန်းမာရေးအထောက်အကူပြုရန်အတွက် ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ရန်နေရာများ ထည့်သွင်းတည်ဆောက်သွားရန်နှင့် အထပ်မြင့်အဆောက်အအုံများကို သဘာဝဘေးအန္တရာယ် ကာကွယ်နိုင်အောင် စနစ်တကျတွက်ချက် ဆောက်လုပ်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်း အိမ်ရာအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး အိမ်ရာတွင်နေထိုင်နေကြသည့် စစ်မှုထမ်းဟောင်းများ၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လိုအပ်ချက်များကို မေးမြန်းသည်။
အဆိုပါ ပြင်ဦးလွင်မြို့ စစ်မှုထမ်းဟောင်းအိမ်ရာတွင် အခြားအဆင့် နေအိမ်နှစ်ခန်းတွဲ လေးထပ် ၁၀ လုံး၊ အခြားအဆင့်နေအိမ် လေးခန်းတွဲ ခြောက်ထပ် ၁၀ လုံး၊ အရာရှိငယ်နေအိမ်လေးခန်းတွဲ ခြောက်ထပ် သုံးလုံး၊ အရာရှိကြီးနေအိမ် လေးခန်းတွဲ ခြောက်ထပ် တစ်လုံးတို့ကို ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်းနှင့် အရာရှိကြီးနေအိမ်၊ အရာရှိငယ်နေအိမ်နှင့် အခြားအဆင့်နေအိမ်များအား ထပ်မံ၍ ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ပြင်ဦးလွင်မြို့ ဘူတာကြီး ထိန်းသိမ်းဆောင်ရွက်ထားရှိမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် တာဝန်ရှိသူများက ဘူတာရုံအတွင်း သန့်ရှင်းသာယာမှုရှိစေရေး ဆောင်ရွက်ထားရှိမှု၊ ဘူတာရုံဧရိယာအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူများ၊ စီးပွားရေးလုပ်ငန်း ဝင်ရောက်လုပ်ကိုင်နေသူများအား ဖယ်ရှားရှင်းလင်းပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဘူတာရုံဧရိယာအတွင်း စနစ်တကျဖြစ်စေရေး စီမံဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး ဘူတာရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


