ရန်ကုန်   ဒီဇင်ဘာ   ၂

(၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရန်  မြန်မာ့လက်ရွေးစင်   အမျိုးသားဖူဆယ်အသင်းသည် ကစားသမား ၁၆ ဦး ရွေးချယ်ခဲ့ပြီး ထိုင်းနိုင်ငံသို့ ကြိုတင်ထွက်ခွာမည်ဖြစ်သည်။

ရွေးချယ်မည်

မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းသည်    ပဏာမကစားသမား ၁၆ ဦး လျှော့ချခဲ့ခြင်းဖြစ်ပြီး   အပြီးသတ်ကစားသမား ၁၄ ဦးကို ပြိုင်ပွဲနီးမှ ရွေးချယ်မည်ဖြစ်သည်။ ဆီးဂိမ်းအမျိုးသား ဖူဆယ်ပြိုင်ပွဲကို ဒီဇင်ဘာ ၁၅ ရက် မှ ၁၉ ရက်အထိကျင်းပမည်ဖြစ်ပြီး အိမ်ရှင်ထိုင်းအပါအဝင် မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့်  မလေးရှား  ငါးသင်းသာယှဉ်ပြိုင်မည်ဖြစ်သောကြောင့်   ပတ်လည်စနစ်ဖြင့်   ကျင်းပကာ  အမှတ်အများဆုံးအပေါ်မူတည်၍ ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များ    ချီးမြှင့်မည်ဖြစ်သည်။     မြန်မာအသင်းသည် ထိုင်းနိုင်ငံသို့ ဒီဇင်ဘာ ၈ ရက်တွင် ထွက်ခွာမည်ဖြစ်ပြီး ပြိုင်ပွဲမတိုင်မီ ခြေစမ်းပွဲကစားရန် စီစဉ်ထားသည်။ မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် ဒီဇင်ဘာ ၁၅ ရက်တွင် အင်ဒိုနီးရှားအသင်း၊ ဒီဇင်ဘာ ၁၆ ရက်တွင် ထိုင်းအသင်း၊ ဒီဇင်ဘာ ၁၇ ရက်တွင် မလေးရှားအသင်း၊ ဒီဇင်ဘာ ၁၉ ရက်တွင် ဗီယက်နမ်အသင်းနှင့် ကစားရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းတွင် အုပ်ချုပ်သူ- ဦးနိုင်သောင်းထိုက်၊  နည်းပြချုပ်-ပတ္တရားပီခွန်(ထိုင်း)၊ နည်းစနစ်အကြံပေး-ဦးဌေးမြင့်၊ လ/ထနည်းပြ-ဦးဇော်ရဲမောင်၊ ကြံ့ခိုင်ရေးနည်းပြ- တာဝမ်(ထိုင်း)၊   ဂိုးနည်းပြ- ဆိုကန်သီကာ (ထိုင်း)၊ အားကစားသမားများအဖြစ်   ဂိုးသမား -မိုင်းစိုးမြတ်ထွေး(MIU)၊   ကျော်ဇင်မျိုးဦး(YRG)၊  မျိုးကိုကိုဦး(MIU)၊ ကစားသမား - မျိုးမြင့်စိုး၊ ကိုကိုလွင်၊  နိုင်လင်းထွန်းကျော် (YRG)၊ မင်းခန့်၊   သက်ထွန်း၊ မင်းခန့်သူ၊ ဆက်ဝေယံ၊ စိုင်းပြုံးအောင်၊ ထူးဝေယံ၊ ထွန်းအောင်ကျော် (MIU)၊   အောင်ကျော်ဖြိုး၊ ငြိမ်းမင်းစိုး (YCDC Dream Team)၊  ထွန်းထွန်းဝင်း (ပြည့်စုံ FC)တို့ ပါဝင်ကြသည်။

သတင်း - ကိုညီလေး

 ဓာတ်ပုံ - MFF