နေပြည်တော် ဒီဇင်ဘာ ၂
ပြည်ကြီးတံခွန်မြို့နယ်တွင် တန်ဖိုးငွေကျပ် သိန်း ၄၇၈၀ တန်ဖိုးနှင့် မိုင်းပျဉ်းမြို့နယ်တွင် တန်ဖိုးငွေကျပ် သိန်း ၄၀၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ပြည်ကြီးတံခွန်မြို့နယ် (ဃ) ရပ်ကွက် ၆၂ လမ်းနှင့် ၁၁၆ လမ်း ထောင့်တွင် ရဲပြည့်စုံအောင် ၂၇ နှစ်၊ အောင်မင်္ဂလာ (၁) ရပ်ကွက် ပုသိမ်ကြီးမြို့နယ်နေသူ မောင်းနှင်ပြီး ရဲမင်းအောင် ၃၄ နှစ်၊ CL-1 Star City အိမ်ရာ သန်လျင်မြို့နယ်နေသူ လိုက်ပါလာသော YGN-36 2L-xxxx TOYOTA MARK II အမျိုးအစားယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ၎င်းတို့နှစ်ဦး သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း သုည ဒသမ ၀၁ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၄၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်လေးသိန်း) နှင့် HAPPY WATER ၃ ဒသမ ၉၈ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁၂၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၄၇၇၆ သိန်း) တို့အား သိမ်းဆည်းရမိသဖြင့် ရဲမင်းအောင်နှင့် ရဲပြည့်စုံအောင်တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားသည်။
ထို့ပြင် ဒီဇင်ဘာ ၁ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မိုင်းပျဉ်းမြို့နယ် တုံတာမြို့ ရပ်ကွက် (၄) အနီးတွင် အိုက်ငို့ (၃၃) နှစ် နမ့်မွဲကျေးရွာ နမ့်ရှိုကျေးရွာအုပ်စု မိုင်းပျဉ်းမြို့နယ်နေသူ မောင်းနှင်ပြီး ဂျက်လီ (ခ) ယာဖို တိလွယ်ကျေးရွာ နောင်ကွဲကျေးရွာအုပ်စု မိုင်းပျဉ်းမြို့နယ်နေသူ လိုက်ပါလာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၄၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် သိန်း ၄၀၀) သိမ်းဆည်းရမိသဖြင့် အိုက်ငို့နှင့် ဂျက်လီ (ခ) ယာဖိုတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်


