ဒီဇင်ဘာ ၃

လာအိုနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ အိတ်ချ်အိုင်ဗွီကူးစက်ခံရသူ စုစုပေါင်း ၁၆၁၇ ဦး ရှိပြီး အသက် ၁၅ နှစ်မှ ၂၉ နှစ်ကြား လူငယ်များသည် ယင်းရောဂါကူးစက်ခံရသူများ၏ ၅၃ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ဒီဇင်ဘာ ၁ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အေအိုင်ဒီအက်စ် AIDS နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် လာအိုနိုင်ငံတွင် လက်ရှိတွင် အိတ်ချ်အိုင်ဗွီ ပိုးရှိသူ ၂၁၃၆၃ ဦး ရှိပြီး ၁၄၃၁၄ ဦးသည် အေအာတီ ဆေးဝါးကုသမှု ခံယူလျက်ရှိသည်ဟု ဒေသတွင်းသတင်းဝက်ဘ်ဆိုက် Lao Phattana News တွင် ယနေ့ ဖော်ပြထားသည်။

နိုင်ငံတစ်ဝန်းတွင် ကုသရေးဌာနများ တိုးပွားလာလျက်ရှိရာ လက်ရှိတွင် စမ်းသပ်စစ်ဆေးရေးဌာန ၁၉၆ ခုရှိသည်ဟု သိရသည်။

၂၀၂၅ ခုနှစ် ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့၏ ဆောင်ပုဒ်ဖြစ်သည့် "အနှောင့်အယှက်များကို ကျော်လွှားခြင်း၊ အေအိုင်ဒီအက်စ်တုံ့ပြန်မှုကို ပြောင်းလဲခြင်း" နှင့်အညီ လူ့အဖွဲ့အစည်း၏ကဏ္ဍများအားလုံး  အတားအဆီးများ ကျော်လွှားရေးအတူတကွ လုပ်ဆောင်ရန် လာအိုအစိုးရက တိုက်တွန်းပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို