နေပြည်တော် ဒီဇင်ဘာ ၃
စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၇) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်စည်သူ ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးများ၊ မြန်မာနိုင်ငံဆိုင်ရာနိုင်ငံခြား စစ်သံရုံးများမှ စစ်သံမှူးများ၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်းဗိုလ်လောင်းများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ဗိုလ်လောင်း တပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲအား စစ်ဆေးသည်။ ထို့နောက် ဗိုလ်လောင်းတပ်ခွဲများက နိုင်ငံ တော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။
ဆုများပေးအပ်ချီးမြှင့်
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၆၇) မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၃၆၂၅၉ ဗိုလ်လောင်းမြတ်သီဟ၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၃၆၂၂၄ ဗိုလ်လောင်း ဟိန်းဝေလင်း၊ စာပေထူးချွန်ဆု (ဝိဇ္ဇာ) ရရှိသူ ဗိုလ်လောင်းအမှတ် ၃၆၂၂၅ ဗိုလ်လောင်းတင့်အောင်ထူး၊ စာပေထူးချွန်ဆု (သိပ္ပံ) ရရှိသူ ဗိုလ်လောင်းအမှတ် ၃၆၂၇၀ ဗိုလ်လောင်းဟိန်းထက်နိုင်၊ စာပေထူးချွန်ဆု (ကွန်ပျူတာ) ရရှိသူ ဗိုလ်လောင်းအမှတ် ၃၆၂၁၄ ဗိုလ်လောင်း ထက်ဝေယံအောင်တို့အား ဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က သင်တန်းဆင်း မိန့်ခွန်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် ဗိုလ်လောင်း တပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။
စစ်ရေးပြ အခမ်းအနားအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် စစ်တက္ကသိုလ် ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း ငါးဦးနှင့် ၎င်းတို့၏ မိဘဆွေမျိုးများကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ထူးချွန်ဆုရသူများအနေဖြင့် သင်တန်းတက်ရောက်ရသည့် လေးနှစ်တာကာလတစ်လျှောက်လုံး စာပေကဏ္ဍ၊ လေ့ကျင့်ရေ ကဏ္ဍတို့တွင် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ခဲ့မှု၊ စည်းကမ်းကောင်းမွန်မှုတို့ကြောင့် ယခုကဲ့သို့ ထူးချွန်ဆုများ ရရှိခဲ့ကြခြင်း ဖြစ်သဖြင့် ချီးကျူးအသိအမှတ်ပြုကြောင်းနှင့် မိဘဆွေမျိုးများနှင့် ထပ်တူဂုဏ်ယူ ဝမ်းမြောက် ပါကြောင်း၊ ဆက်လက်လျှောက်လှမ်းရမည့် ဘဝခရီးတစ်လျှောက်လုံးတွင်လည်း စဉ်ဆက်မပြတ်သည့် ကြိုးစားအားထုတ်မှုများဖြင့် မိမိတို့ဘဝတိုးတက်မှုရှိစေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခုကဲ့သို့ ထူးချွန်ထက်မြက်သူများ ဖြစ်လာစေရေး ငယ်စဉ်ကတည်းက ကျွေးမွေးပြုစု ပျိုးထောင်ပေးခဲ့သည့် မိဘများ၏ကျေးဇူးများ၊ အသိပညာများရရှိစေရေး သင်ကြားပေးခဲ့သည့် ဆရာ ဆရာမများ၏ ကျေးဇူးများကို သိတတ်ရန်နှင့် ကျေးဇူးဆပ်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထို့အတူ ဗိုလ်လောင်းသင်တန်း လေးနှစ်တာကာလအတွင်း တပ်မတော်၏ခေါင်းဆောင်ငယ်များ ဖြစ်လာစေရေး လေ့ကျင့်မွေးထုတ်ပေးခဲ့သည့် တပ်မတော်နှင့် အမိစစ်တက္ကသိုလ်၏ ကျေးဇူးကိုလည်း မမေ့ရန် လိုကြောင်း၊ မိဘများ၏စကားကို နားထောင်ခြင်း၊ မိဘကို စိတ်ချမ်းသာအောင်ထားရှိခြင်း၊ မိမိတတ်နိုင်သရွေ့ ကျွေးမွေးစောင့်ရှောက်ခြင်းတို့သည် မိဘကျေးဇူးကိုဆပ်ခြင်းပင်ဖြစ်သကဲ့သို့ မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်ခြင်း၊ စစ်သားကောင်း တစ်ယောက်ပီသစွာ နေထိုင်ကျင့်ကြံခြင်း အားဖြင့်လည်း နိုင်ငံတော်နှင့် တပ်မတော်၏ဂုဏ်ကို မြှင့်တင်ရမည်ဖြစ်ကြောင်း။
ဆက်လက်ဆည်းပူးလေ့လာ
တပ်မတော်၌ တာဝန်ထမ်းဆောင်စဉ် ဆက်လက်တက်ရောက်ရမည့် သင်တန်းအဆင့်ဆင့်၌လည်း အမှန်တကယ် တတ်မြောက်အောင် သင်ယူအားထုတ်၍ ဘဝတက်လမ်းတစ်လျှောက် အထောက်အပံ့ ကောင်းများရရှိအောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယနေ့ခေတ်သည် နည်းပညာများ စဉ်ဆက်မပြတ် ပြောင်းလဲတိုးတက်နေသည့်အတွက် မိမိတို့ဘဝ တိုးတက်ရေးအတွက် အထောက် အကူဖြစ်စေမည့် အသိပညာ၊ အတတ်ပညာများကို စဉ်ဆက်မပြတ် ဖတ်မှတ်လေ့လာခြင်းဖြင့် ဆက်လက်ဆည်းပူးလေ့လာပြီး နိုင်ငံတော်နှင့် တပ်မတော်က အားထားရပြီး လက်အောက်က အားကိုးရသူများဖြစ်အောင် ဆက်လက်ကြိုးပမ်းသွားကြစေလိုကြောင်း။
မိမိတို့အတွက် အကျိုးမဖြစ်စေမည့် အသောက်အစား၊ အပျော်အပါးများကိုလည်း မိမိကိုယ်တိုင် ရှောင်ကြဉ်ကြရန်လိုသကဲ့သို့ မိမိလက်အောက် ငယ်သားများကို ထိန်းသိမ်းကြရန်လိုကြောင်း၊ မိမိကိုယ်ကို တန်ဖိုးထားရန်၊ မိမိလက်အောက်ကို တန်ဖိုးထားရန်နှင့် မဖြစ်သင့်မဖြစ်ထိုက်သည်များကို မဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိကိုယ်ကို၊ မိမိအဖွဲ့အစည်းနှင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိ၍ ပေးအပ်သည့် တာဝန်များကို အောင်မြင်ကျေပွန်စွာ ထမ်းဆောင် သွားကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် နိုင်ငံတော်နှင့် တပ်မတော်အကျိုးကို ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


