ရန်ကုန်    ဒီဇင်ဘာ   ၃

(၃၃) ကြိမ်မြောက်   ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပထမနေ့ကို   ဒီဇင်ဘာ ၃ ရက်က ဗန်ကောက်မြို့ရှိ   ရာဇမင်္ဂလာကွင်း၌ ကျင်းပရာ အိမ်ရှင် ထိုင်းအသင်းနှင့်  ဗီယက်နမ်အသင်းတို့ အနိုင်ရခဲ့သည်။

နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရ

အုပ်စု (B) ပထမပွဲတွင် ဗီယက်နမ်အသင်းက  လာအိုအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ နာမည်ကြီး ဗီယက်နမ်အသင်းသည် အဖွင့်ပွဲတွင် အနိုင်ရသော်လည်း ရုန်းကန်ခဲ့ရပြီး ကျဉ်းမြောင်းသည့် ရလဒ်ဖြင့်သာ အနိုင်ရခဲ့သည်။ ဗီယက်နမ်အသင်းသည်  အဖွင့်ပွဲတွင်    အနိုင်ရသော်လည်း    ဂိုးပြတ်မသွင်းနိုင်သဖြင့် မလေးရှားနှင့်  နောက်ဆုံးပွဲတွင် ရုန်းကန်ရမည်ဖြစ်သည်။

ဗီယက်နမ်အသင်းအတွက် ဂိုးများကို ငုယင်ဒင်ဘာတစ်ဦးတည်းက ၂၉၊ ၆၀ မိနစ်တွင် သွင်းယူခဲ့ပြီး လာအိုအသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၃၃ မိနစ်တွင် ခမ်ပါနီက သွင်းယူခဲ့သည်။

အုပ်စု(A) ပထမပွဲတွင် အိမ်ရှင်ထိုင်းအသင်းက တီမောအသင်းကို ခြောက်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ အိမ်ရှင် ထိုင်းအသင်းသည် ပထမပိုင်းတွင် တစ်ဂိုးသာသွင်းယူနိုင်သော်လည်း ဒုတိယပိုင်းတွင် ဂိုးပြတ်သွင်းယူကာ အဖွင့်လှခဲ့ခြင်းဖြစ်သည်။ အိမ်ရှင် ထိုင်းအသင်းသည် အုပ်စုမဲခွဲကတည်းက အုပ်စုမကျပ်စေရန် အသာစီးရယူထားပြီး အုပ်စုချောင်သဖြင့် ဆီမီးဖိုင်နယ်တက်ရောက်ရန် အခြေအနေကောင်းလျက်ရှိသည်။ ထိုင်းအသင်းအတွက် အနိုင်ဂိုးများကို  ဘူရာပါက ဟက်ထရစ်၊ ကျန်ဂိုးများကို  ဆီရာဖို၊  ဆန်ရန်၊ ခါနာတို့က သွင်းယူပြီး တီမောအသင်းအတွက် နှစ်သိမ့်ဂိုးတစ်ဂိုးကို  ရီဘီရိုက သွင်းယူခဲ့သည်။

ဒီဇင်ဘာ ၆ ရက်တွင် အုပ်စု(A) ဒုတိယနေ့အဖြစ် တီမောအသင်းနှင့် စင်ကာပူအသင်း၊ အုပ်စု(B) ဒုတိယနေ့အဖြစ် မလေးရှားအသင်းနှင့် လာအိုအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-မောင်စံကြီး

ဓာတ်ပုံ-FAT