နေပြည်တော် ဒီဇင်ဘာ ၃
စစ်တက္ကသိုလ်၏ အကြိမ်(၇၀)မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် စစ်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ကျင်းပရာ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုး၊ စစ်တက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးချုပ် သိန်းလွင်၊ စစ်တက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များနှင့် ကျောင်းဆင်းအရာရှိများ၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။
ဦးစွာ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များ ဘွဲ့နှင်းသဘင်ခန်းမ သို့ဝင်ရောက်၍ သတ်မှတ်နေရာများတွင် နေရာယူကြပြီးနောက် နိုင်ငံတော်သီချင်း တီးမှုတ်ကာ ဘွဲ့နှင်းသဘင် အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင် ကျင်းပကြောင်း ကြေညာပြီး ဘွဲ့ယူမည့်သူများ စောင့်ထိန်းရမည့် ကျင့်ဝတ်များကို လိုက်နာကျင့်သုံးရန် ကတိခံဝန်မှုပြုခြင်းကို ဆောင်ရွက်ကြသည်။ ဆက်လက်၍ ပါမောက္ခချုပ်က ဝိဇ္ဇာဘွဲ့၊ စီးပွားရေးပညာဘွဲ့၊ သိပ္ပံဘွဲ့၊ ကွန်ပျူတာသိပ္ပံဘွဲ့၊ ကွန်ပျူ တာနည်းပညာဘွဲ့ ရရှိသူတို့အား သက်ဆိုင်ရာ ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းသည်။
ယင်းနောက် ပါမောက္ခချုပ်က ဘွဲ့ရရှိသူများအား ဘွဲ့များနှင့် လျော်ညီသော အမှတ်လက္ခဏာ ဖြစ်သည့် ဝတ်စုံများကို ဝတ်ဆင် ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးသည်။
ဆက်လက်၍ ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းကြောင်း ကြေညာကာ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမမှ ပြန်လည် ထွက်ခွာသွားကြသည်။
စစ်တက္ကသိုလ်အနေဖြင့် ပထမ အကြိမ် ဘွဲ့နှင်းသဘင်မှ ယခု အကြိမ်(၇၀)မြောက် ဘွဲ့နှင်းသဘင် အထိ ကျောင်းဆင်းအရာရှိ ပေါင်း ၃၄၃၆၅ ဦးအား အခြေခံဘွဲ့ များ ပေးအပ်ချီးမြှင့်နိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


