မနီလာ ဒီဇင်ဘာ ၄
လူ ၂၅၀ ကျော် သေဆုံးစေခဲ့သည့် တိုင်ဖွန်းမုန်တိုင်း ခန့်မေဂီဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်ခဲ့သည်မှာ ဒီဇင်ဘာ ၄ ရက်တွင် တစ်လပြည့်ပြီဖြစ်သည်။ မုန်တိုင်းပြန်လည်ထူထောင်ရေး လုပ်ငန်းများသည် အချိန်ယူလုပ်ဆောင်ရသည့် လုပ်ငန်းစဉ်များဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။
တိုင်ဖွန်း ခန့်မေဂီသည် ဖိလစ်ပိုင်နိုင်ငံသို့ နိုဝင်ဘာ ၄ ရက်က ဝင်ရောက်ခဲ့သည်။ မုန်တိုင်း ကြောင့် လူပေါင်း ၂၅၃ ဦး သေဆုံးခဲ့ပြီး ၁၁၉ ဦး ပျောက်ဆုံးလျက်ရှိကာ ၂၆၀၀၀၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ရသည်။
စီဘူးပြည်နယ်၌ လူ ၁၈၀၀၀၀ ကျော် သဘာဝဘေးကယ်ဆယ်ရေးစခန်းများနှင့် ဘေးကင်းလုံခြုံရာ နေရာများတွင် နေထိုင်ကြရသည်။
ဂျပန်အင်န်ပီအိုအဖွဲ့ခေါင်းဆောင် အူချီရာမာ ဂျွန်ကိုက မုန်တိုင်းဒဏ်ခံမိသားစုများ၏ ကလေးငယ်များအတွက် ပညာရေးထောက်ပံ့မှုများ လုပ်ဆောင်ပေးခဲ့သည်။ လိုအပ်သောထောက်ပံ့မှုများ လုပ်ဆောင်နိုင်ရန် သဘာဝဘေးကယ်ဆယ်ရေးစခန်းများသို့ ဂျွန်ကို ကိုယ်တိုင်သွားရောက်ခဲ့သည်။
သဘာဝဘေးကြောင့် ခိုလှုံရေးစခန်းများတွင် ရောက်နေသူများသည် ခက်ခဲကြမ်းတမ်းသော အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း ၎င်းကပြောသည်။
စက်တင်ဘာနှောင်းပိုင်းတွင် အင်အား ၆ ဒသမ ၉ မဂ္ဂနီကျူအဆင့်ရှိ ငလျင်တစ်ခု စီဘူးပြည်နယ်တွင် လှုပ်ခတ်ခဲ့သည့်အတွက် ၇၉ ဦး သေဆုံးခဲ့ပြီး အဆောက်အအုံများနှင့် လမ်းများပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့သည်။
စီဘူးပြည်နယ် အရပ်ဘက်ကာကွယ်ရေးတာဝန် ရှိသူတစ်ဦးက ငလျင်လုံးဝမလှုပ်တော့သည့်အချိန်တွင် ဒေသခံပြည်သူများသည် ၎င်းတို့၏ အခြေခံ အဆောက်အအုံများကို ပြန်လည်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် ယခု အချိန်အထိ နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ် လျက်ရှိသေးကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ


