မော်စကို ဒီဇင်ဘာ ၄
ရုရှားနိုင်ငံသို့ အလည်အပတ်ခရီးနှင့် လုပ်ငန်းကိစ္စများအတွက် လာရောက်မည့် တရုတ်နိုင်ငံသား များအတွက် ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပြုသည့် အမိန့်ကို ဒီဇင်ဘာ ၁ ရက်တွင် ရုရှားသမ္မတဗလာ ဒီမာပူတင်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ရက်ပေါင်း ၃၀ အထိ ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
၎င်းအမိန့်အရ ရုရှားနိုင်ငံသို့ လာရောက်သည့် တရုတ်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ ခရီး သွားများအား မိသားစုကိစ္စ၊ လုပ်ငန်းကိစ္စ၊ အလည် အပတ်ခရီးနှင့် သိပ္ပံ၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စီးပွားရေးနှင့် အားကစားဆိုင်ရာအခမ်းအနားများတွင် ပါဝင်တက်ရောက်ရန် ၃၀ ရက်ထက်မပိုသည့် ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ကို၂၀၂၆ခုနှစ် စက်တင် ဘာ ၁၄ရက်အထိ ရရှိမည်ဖြစ်သည်။ သို့ရာတွင် ယခု ကင်းလွတ်ခွင့်တွင် ရုရှားနိုင်ငံ၌ လာရောက်အလုပ် လုပ်သည့် တရုတ်နိုင်ငံသားများနှင့် ပညာသင်ကြားသူများအတွက် မပါဝင်ကြောင်း သိရသည်။ ယခုကဲ့ သို့ တရုတ်နိုင်ငံသားများအား ပြည်ဝင်ခွင့်ဗီဇာကင်း လွတ်ခွင့်ပြုသည့် စနစ်ကြောင့် နွေရာသီတွင် တရုတ်ခရီးသွားများ ရုရှားနိုင်ငံသို့လာရောက်မှု ၄၀ရာခိုင်နှုန်း ခန့် မြင့်တက်လာမည်ဖြစ်ကြောင်း ရုရှားခရီးသွား လုပ်ငန်းအဖွဲ့တာဝန်ရှိသူ အလက်ဇန္ဒားမူဆီကင်က ပြောသည်။
ယခုဆောင်ရွက်ချက်သည် ရုရှားခရီးသွား လုပ်ငန်းက ကာလရှည်ကြာစောင့်မျှော်နေသည့်ဆောင်ရွက်ချက်ဖြစ်ပြီး နိုင်ငံအတွင်းသို့ တရုတ်ခရီးသွား များလာရောက်မှု နှစ်ဆမြင့်တက်လာမည်ဖြစ်ကြောင်း ရုရှားခရီးသွားလုပ်ငန်းတာဝန်ရှိသူ အလက်ဇန္ဒား ဗရာဂင်ကပြောသည်။ တရုတ်ခရီးသွားများသည် ရုရှားနိုင်ငံသို့ အလည်အပတ်ခရီးလာရောက်သူများတွင် အများဆုံးဖြစ်ကာ ပြည်ဝင်ခွင့်ဗီဇာကင်းလွတ် ခွင့်ပေးသည့်ဆောင်ရွက်ချက်ကြောင့် ရှေ့နှစ်အစောပိုင်းတွင် တရုတ်ခရီးသွားနှစ်သန်း ရုရှားနိုင်ငံသို့ လာရောက်မည်ဟုယုံကြည်ကြောင်း ရုရှားစီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူ နီကီတာ ကွန်ဒရာ ယက်က ပြောသည်။
တရုတ်နိုင်ငံကလည်း ယခုနှစ် စက်တင်ဘာ ၂ ရက်တွင် သာမန်နိုင်ငံသားလက်မှတ် ကိုင်ဆောင် ထားသူ ရုရှားနိုင်ငံသားများအား ရက် ၃၀အထိ ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ပြုခြင်းကို စမ်းသပ် ကာလသက်တမ်းတစ်နှစ် သတ်မှတ်ကာ စက်တင်ဘာ ၁၅ ရက်တွင် အတည်ပြုဆောင်ရွက်ခဲ့သည်။ ခွင့်ပြုသည့်ခရီးများမှာ လုပ်ငန်းကိစ္စ၊ အလည်အပတ်၊ ဆွေမျိုးများထံသွားရောက်ခြင်း၊ အပြန်အလှန် အလည်အပတ်ခရီးများနှင့် ခရီးတစ်ဖြတ်ရပ်နားရာ နေရာအဖြစ် ဝင်ရောက်ခြင်းတို့ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ


