နေပြည်တော် ဒီဇင်ဘာ ၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr.Sihasak Phuangketkeow ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင် အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ရှည်လျားသည့် သမိုင်းကြောင်းရှိပြီး အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်မှု၊ နှစ်နိုင်ငံအကြား သဘောတူညီချက်များအား ဆက်လက် အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်နေစေရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ် ဒေသကုန်သွယ်မှုများ ပြန်လည်ကောင်းမွန်ရေးအတွက် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးသည် မရှိမဖြစ်လိုအပ်သဖြင့် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်း၍ ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုအပ်မှု အခြေအနေများ၊ နယ်စပ်ဒေသ တရားမဝင်ကုန်သွယ်မှုများ မရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတွင်ရှိသည့် အွန်လိုင်း လိမ်လည်လောင်းကစားမှုများကို လုပ်ဆောင်လျက်ရှိသည့် KK Park နှင့် ရွှေကုက္ကိုလ်တို့ရှိ အဆောက် အအုံများအား မြန်မာနိုင်ငံဘက်က အမြစ်ပြတ်ဖြိုချဖျက်ဆီးလျက်ရှိ မှုအခြေအနေများ၊ နှစ်နိုင်ငံနယ်စပ် ဒေသတွင် လက်နက်ခဲယမ်းများ တရားမဝင်ရောင်းချနေမှုများကို နိုင်ငံတော်အဆင့် ပူးပေါင်းထိန်းသိမ်း ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင်ယခုလအတွင်း လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ကြိုတင် ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်စေရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


