နေပြည်တော် ဒီဇင်ဘာ ၇
နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းပြည်တာဝန် ထမ်းဆောင်ရင်း အသက်ပေးကျဆုံး သွားခဲ့သည့် ခေတ်အဆက်ဆက်မှ သူရဲကောင်း စစ်သည်များအား (၁၂)ကြိမ်မြောက် ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ သူရဲကောင်း ဗိမာန်(နေပြည်တော်)၌ ကျင်းပပြုလုပ်သည်။
တက်ရောက်
အဆိုပါ အခမ်းအနားတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်နှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ပါတီခေါင်းဆောင်များ၊ ရောင်နီဦးနှင့် မိတ်ဆွေများပရဟိတအသင်း၊ ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်းနှင့် တပ်မတော်အား ချစ်မြတ်နိုးသူများ တက်ရောက် ကြသည်။
ဦးစွာ အခမ်းအနားကို တက်ရောက်လာကြသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နိုင်ငံတော်သီချင်း သီဆိုခြင်း၊ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက်ပေးလှူသွားကြသည့် သူရဲကောင်း စစ်သည်များအား အလေးပြုခြင်း၊ သစ္စာအဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့ကြသည့် သူရဲကောင်း စစ်သည်များအား ဂုဏ်ပြုသောအားဖြင့် ဝမ်းနည်းခြင်း အထိမ်းအမှတ် နှစ်မိနစ် ငြိမ်သက်ခြင်း၊ သူရဲကောင်းစစ်သည်များ မြင့်မြတ်သော ကောင်းမွန်ရာ ဘုံဘဝ ရောက်ရှိစေရန် မိုးပျံ ပူဖောင်းများ လွှတ်တင်ခြင်း၊ ထာဝရငြိမ်းချမ်းရေးရရှိစေရန် ရည်မှန်း၍ အထိမ်းအမှတ် ချိုးဖြူငှက်များ လွှတ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
ရေစက်သွန်းချ အမျှပေးဝေ
ယင်းနောက် တက်ရောက်လာကြသူများက ကျဆုံးစစ်သည်များအတွက် လွမ်းသူ့ပန်းခြင်းများဖြင့် ဂါရဝပြုခြင်းကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။ ထို့ပြင် ယနေ့နံနက်ပိုင်းတွင်လည်း ကျဆုံး စစ်သည်များအား ရည်စူး၍ ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာအုပ်စု ပေါက်တောကျေးရွာ သဒ္ဓါရုံ ကျောင်းတိုက်၌ သံဃာတော်များအား အရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများလှူဒါန်း၍ ရေစက်သွန်းချ အမျှပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


