သီသီမင်း၊ မင်းသစ်
ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေ၏ ပင်လယ်ရေပြာပြာထက်တွင် မြန်မာနိုင်ငံအလံ ရွက်လွှင့်ထား သော Keelboat SSL 47 Class ရွက်လှေတစ်စင်းက လှိုင်း၊ လေတို့ကို ခုန်ကျော်လွှားကာ ရေပြင်နှင့် တစ်သားတည်း ရွက်လွှင့်နေသည့်မြင်ကွင်း။
၄၇ ပေအရှည်ရှိ ရွက်လှေကြီးပေါ်တွင် နိုင်ငံကိုယ်စားပြု မြန်မာ ရွက်လှေအားကစားသမားများက Keelboat SSL 47 Class ပြိုင်ပွဲအတွက် နိုင်ငံ့ဂုဏ်ကို ဆောင်ကြဉ်းပေးနိုင်ရေး ထိုင်းပင်လယ်ပြင်၌ ပြိုင်ဘက်နိုင်ငံအသင်းများနှင့်အတူ အစွမ်းကုန် ကြိုးစားလေ့ကျင့်နေကြသည်။
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ဗန်ကောက်၊ Chonburi နှင့် Songkhla ဒေသများ၌ ကျင်းပမည်ဖြစ်သည်။ ယခုအားကစားပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အားကစားနည်း ၅၄ မျိုး၌ ရွက်လှေအားကစားနည်းအပါအဝင် မြန်မာနိုင်ငံက အားကစားနည်း ၃၈ မျိုးတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်ရွက်လှေ အားကစားနည်း Event ၁၄ မျိုးအနက် ILCA 4 (Boys) နှင့် ILCA 7 (Men)တွင် နှစ်ဦး၊ Optimist (Boys) နှင့် Optimist (Girls) တွင် နှစ်ဦး၊ Keelboat SSL 47 Class တွင် ၁၀ ဦးနှင့် အရန်နှစ်ဦး၊ အုပ်ချုပ်သူ နှစ်ဦးဖြင့် Event ငါးမျိုးအတွက် စုစုပေါင်း ၁၈ ဦး နှင့် နည်းပြသုံးဦးတို့ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွက်လှေပြိုင်ပွဲ သည် ထူးခြားပြီး စိတ်ဝင်စားဖွယ်ကောင်းသော ပြိုင်ပွဲတစ်ခုဟု ဆိုနိုင်ပါသည်။ အကြောင်းမှာ ယခင် ကျင်းပပြီးစီးခဲ့သည့် SEAP/SEA Games ရွက်လှေ ပြိုင်ပွဲများတွင် တစ်ကြိမ်တစ်ခါမျှ ထည့်သွင်းကျင်းပခဲ့ခြင်းမရှိခဲ့ဖူးသည့် အားကစားသမား ၁၀ ဦး၊ အရန်နှစ်ဦး စုစုပေါင်း ၁၂ ဦးဖြင့် ဖွဲ့စည်းယှဉ်ပြိုင်ရသည့် Keelboat SSL 47 Class ကို ထည့်သွင်းကျင်းပခြင်းကြောင့် ဖြစ်ပါသည်။
ပို၍ထူးခြားသည်ကား ဒီဇင်ဘာလ ၁၅ ရက်နေ့ မှ ၁၈ ရက်နေ့အတွင်း Chonburi ဒေသရှိ Ocean Marina Resort တွင်ကျင်းပမည့် အဆိုပါ Keelboat SSL 47 Class ပြိုင်ပွဲတွင် ထိုင်းဘုရင်၏ မိဖုရား Suthida Bajrasudhabimalalakshana ကိုယ်တိုင် ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယခုနှစ် အောက်တိုဘာလအတွင်း ထိုင်းနိုင်ငံ၌ ပြုလုပ်ခဲ့သည့် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ကျင်းပရေးနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် တရားဝင်ကြေညာထားခြင်းကြောင့်ပင် ဖြစ်ပါသည်။
ထို့ပြင် မိဖုရားကြီးဦးစီးသည့် SSL Team (Thailand) အသင်းကို ထိုင်းနိုင်ငံ တော်ဝင်ရွက်လှေ အဖွဲ့သားများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကာ ၎င်းတို့အနက် အချို့မှာ ယခင်က Dinghy Class အိုလံပစ် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသူများဖြစ်ပြီး ယခုအခါ Keelboat ပြိုင်ပွဲကို ခြေလှမ်းတိုးမြှင့် လာခြင်းပင်ဖြစ်သည်။
အတိတ်သမိုင်းကိုကြည့်လျှင် ၁၉၆၇ ခုနှစ် ထိုင်းနိုင်ငံ၌ ကျင်းပသည့် စတုတ္ထအကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ (4th SEAP Games 1967)တွင် တော်ဝင်ရွက်လှေကို ကိုယ်တိုင် ဒီဇိုင်းပြုလုပ်တည်ဆောက်ကာ ထိုင်းဘုရင်မင်းမြတ် Bhumibol Adulyadej ကိုယ်တိုင်ဦးစီးပဲ့ကိုင် ယှဉ်ပြိုင်ခဲ့ပါသည်။ ယင်းပြိုင်ပွဲတွင် ထိုင်းဘုရင်က ရွှေတံဆိပ်ရရှိခဲ့ပြီး ထိုဒီဇင်ဘာလ ၁၆ ရက်နေ့ကိုအစွဲပြု၍ ထိုင်းနိုင်ငံ၏ အမျိုးသား အားကစားနေ့(National Sports Day)အဖြစ် ၁၉၈၆ ခုနှစ်တွင် သတ်မှတ်ပြဋ္ဌာန်းပေးခဲ့သည်ကို ကြည့်ခြင်း အားဖြင့် ထိုင်းတော်ဝင်မိသားစုအပါအဝင် ထိုင်း လူမျိုးများက ရွက်လှေပြိုင်ပွဲနှင့်ပတ်သက်၍ အထူးအလေးထားကြောင်း သက်သေပြလျက်ရှိပါ သည်။
ထိုသို့ ဘုရင်ကိုယ်တိုင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့် (4th SEAP Games 1967) အားကစားပြိုင်ပွဲကြီးတွင် ရွက်လှေအားကစားနည်းဖြင့် ပထမဆုဆွတ်ခူးခဲ့ သော ထိုင်းဘုရင်နှင့်အတူ မြန်မာရွက်လှေအဖွဲ့ချုပ်နှင့် သက်တမ်းရာပြည့်ခဲ့ပြီဖြစ်သော ရန်ကုန်ရွက်လှေ အသင်းဝင်များအတွက် ကိုရန်ကင်းက OK Dinghy Class ဆုပေးပွဲ အောင်ပွဲခံစင်မြင့်ထက်တွင် တတိယဆု တက်ရောက်ယူခဲ့စဉ်က ရိုက်ကူးထားသည့် ဓာတ်ပုံတစ်ပုံကလည်း မြန်မာ့ရွက်လှေအားကစား၏ ဂုဏ်ယူဖွယ်ရာ ပြယုဂ်တစ်ခုအဖြစ် သမိုင်း မှတ်တမ်းတင်ကျန်၍နေပါသည်။
ယခုအခါ အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပမည့် Keelboat SSL 47 အတန်းအစား ရွက်လှေပြိုင်ပွဲတွင် ထိုင်းဘုရင့်မိဖုရားကိုယ်တိုင်ဦးစီးမည့် အိမ်ရှင်နိုင်ငံ ထိုင်းတော်ဝင်ရွက်လှေအသင်းနှင့်အတူ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင် စသည့် ညီနောင်နိုင်ငံအသင်းများနှင့်ယှဉ်ပြိုင်ရမည့် မြန်မာ Keelboat SSL 47 အသင်းသားများ၏ စွမ်းရည်များကို ရင်ခုန်ဖွယ် စောင့်ကြည့်ရမည်ဖြစ်ပါသည်။
အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ပါဝင်လာသည့် Keelboat SSL 47 ရွက်လှေသည် အပြည်ပြည်ဆိုင်ရာအဆင့် ပြိုင်ပွဲများအတွက် အထူးဒီဇိုင်းထုတ်ထားသည့် ပြိုင်ပွဲဝင် အားကစားသမား ကျား၊ မ ရှစ်ဦးမှ ၁၀ ဦး စီးနင်း လိုက်ပါနိုင်သော ၄၇ ပေရှိ တတိယရွက် Spinnaker ပါသည့် စွမ်းဆောင်ရည်မြင့် ရွက်လှေအမျိုးအစားဖြစ်ပြီး ရွက်တိုင်အမြင့်မှာ ပေ ၇၀ မြင့်သည်။
လှေပေါ်တွင် စီးနင်းမည့်သူများ၏ သတ်မှတ်ကိုယ်အလေးချိန် စုစုပေါင်းသည် 730 kg မကျော် လွန်ရပါ။ ပြိုင်ပွဲဝင်များသည် One Design (ပုံစံတူ ပြုလုပ်ထားသည့်) ရွက်လှေဖြင့် ဝင်ရောက်ယှဉ်ပြိုင် ရမည်ဖြစ်ရာ ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများ၏ ကိုယ်ကာယစွမ်းရည်၊ ကျွမ်းကျင်မှု၊ အသင်းအဖွဲ့အလိုက် ပူးပေါင်းလုပ်ဆောင်မှု၊ နည်း ဗျူဟာချမှတ်နိုင်မှု၊ အချိန်ကိုက်လုပ်ဆောင်နိုင်မှုတို့ကသာ ပွဲစဉ်အနိုင်၊ အရှုံးကို အဆုံးအဖြတ်ပေးမည် ဖြစ်ပါသည်။
သို့အတွက် Keelboat SSL 47 Class တွင် နိုင်ငံတကာမှ ရွက်လှေအားကစားသမားများနှင့် ရင်ပေါင်တန်းယှဉ်ပြိုင်ရမည့် မြန်မာလက်ရွေးစင် ရွက်လှေအားကစားသမားများ၏ အရည်အချင်းကို မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်က Olympic Medalist မှ The Most Famous Sailor in the Country အထိ မြင့်မားစွာ သတ်မှတ်ရွေးချယ်ယှဉ်ပြိုင်စေခြင်း ဖြစ်ပါသည်။
မြန်မာ့ရွက်လှေအားကစားသမိုင်းကြောင်းကို ပြန်ပြောင်းကြည့်လျှင် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲကို ၁၉၅၉ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ပထမဆုံး လက်ခံကျင်းပခဲ့သော်လည်း ထိုစဉ်က ရွက်လှေအားကစားနည်း ပါဝင်ခြင်းမရှိခဲ့ပါ။ ၁၉၆၁ ခုနှစ်တွင် ရန်ကုန်မြို့၌ကျင်းပသည့် ဒုတိယအကြိမ် မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲ (2nd Southeast Asian Peninsular Games) တွင် အင်းယားကန်၌ ရွက်လှေအားကစားနည်းကို စတင်ထည့်သွင်းကျင်းပခဲ့သည့်အတွက် အရှေ့ တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ မှတ်တမ်းတစ်လျှောက် ရွက်လှေအားကစားနည်းနှင့်ပတ်သက်၍ ပထမဆုံးဦးဆောင်ကျင်းပသည့် နိုင်ငံဖြစ်ပြီး ယင်းပြိုင်ပွဲတွင် မြန်မာက ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံ တို့နှင့်ယှဉ်ပြိုင်ခဲ့ရာတွင် Half Rater နှင့် Sharpie Class ပြိုင်ပွဲနှစ်မျိုးစလုံး၌ ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့သဖြင့် ရွက်လှေအားကစားနည်းနှင့်ပတ်သက်၍ ပထမဆုံး ရွှေတံဆိပ်ဆုရနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ ပါသည်။
ထို့ပြင် ၁၉၆၉ ခုနှစ်က ဒုတိယအကြိမ် အိမ်ရှင်နိုင်ငံအဖြစ် ဒီဇင်ဘာလ ၆ ရက်နေ့မှ ၁၃ ရက်နေ့ အထိ လက်ခံကျင်းပခဲ့သည့် ပဉ္စမအကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲ (5th SEAP Games)တွင် ရွက်လှေပြိုင်ပွဲကို ငပလီ ကမ်းခြေ၌ ထည့်သွင်းကျင်းပခဲ့ပြီး မလေးရှား၊ စင်ကာပူ၊ ထိုင်းနိုင်ငံတို့နှင့် ယှဉ်ပြိုင်ကစားရာတွင်လည်းOK Dinghy, Fireball, Enterprise နှင့် Half Rater Class ပြိုင်ပွဲဝင်အမျိုးအစား လေးမျိုးစလုံး ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့၍ မြန်မာတို့၏ ရွက်လှေအားကစားအဆင့်အတန်းမြင့်မားမှုကို ကမ္ပည်း တင်နိုင်ခဲ့ပါသည်။
အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ SEAP Games ဟုခေါ်ဆိုရာမှ ၁၉၇၇ ခုနှစ်တွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်းနိုင်ငံတို့ အဖွဲ့ဝင် ဖြစ်လာပြီး အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သည့် (၉) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games)အဖြစ် ပြောင်းလဲသတ်မှတ်ပြီး ကျင်းပခဲ့ သည့် မျက်မှောက်ခေတ် ရွက်လှေပြိုင်ပွဲများတွင်လည်း စဉ်ဆက်မပြတ် ပါဝင်ယှဉ်ပြိုင်ခဲ့ရာတွင် မြန်မာရွက်လှေအားကစားက ရွှေတံဆိပ်ဆုများ ရယူနိုင်ခဲ့ပါသည်။
ကျင်းပပြီးစီးခဲ့သည့် အရှေ့တောင်အာရှ ကျွန်းဆွယ်/ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEAP/SEA Games) (၃၂) ကြိမ်အနက် ရွက်လှေအားကစားကို အကြိမ် ၂၀ ထည့်သွင်းကျင်းပခဲ့ရာတွင် ကမ္ဘောဒီးယားနိုင်ငံ၌ကျင်းပသည့် 32nd SEA Games မှအပ ကျန် ၁၉ ကြိမ်တွင် မြန်မာနိုင်ငံက ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။
ထိုသို့ယှဉ်ပြိုင်ရာတွင် စင်ကာပူနိုင်ငံ၌ ပြုလုပ်သည့် (17th SEA Games Singapore 1993) နှင့် (28th SEA Games Singapore 2015) တို့တွင် လည်းကောင်း၊ မလေးရှားနိုင်ငံတွင်ပြုလုပ်သည့် (29th SEA Games Malaysia 2017) စသည့် ပြိုင်ပွဲ သုံးကြိမ်တို့မှလွဲ၍ ကျန်ပြိုင်ပွဲ ၁၆ ကြိမ်တွင် နိုင်ငံအတွက် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ မလွတ်တမ်းရယူနိုင်ခဲ့သည်ချည်းဖြစ်ပါသည်။
ထိုသို့ ၁၆ ကြိမ်တိုင် နိုင်ငံအတွက် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ဆွတ်ခူးပေးနိုင်ရုံမျှမက ၂၀၀၁ ခုနှစ် က မလေးရှားနိုင်ငံ၌ ကျင်းပသည့် (၂၁) ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ နှင့် ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ(ငွေဆောင်)တွင် ကျင်းပသည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတို့သည် မြန်မာရွက်လှေ အားကစားနည်းအတွက်သာမက မြန်မာ့အားကစား သမိုင်းတွင်ပါ မှတ်ကျောက်တင်ရမည့် ဂုဏ်ယူဖွယ်ရာပြိုင်ပွဲများ ဖြစ်ခဲ့ပါသည်။
အကြောင်းမှာ မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် (၂၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီး၌ မြန်မာရွက်လှေအသင်းက ရွက်လှေအားကစားတွင် ထိပ်တန်းအဆင့်ရှိသည့် ရွှေတံဆိပ်ဆု နှစ်ဆုဆွတ်ခူးရယူထားသည့် စင်ကာပူ နိုင်ငံ၊ ထိုင်းနိုင်ငံတို့ကို ကျော်လွှားကာ ရွှေတံဆိပ်ဆု သုံးဆု (International 420 Boys, International 420 Girls နှင့် Laser II Class)ကို ရယူနိုင်ခဲ့သည့် အတွက် ယှဉ်ပြိုင်ဘက် ကမ္ဘာ့အဆင့် ရွက်လှေ အင်အားကြီးနိုင်ငံများ၏ အထင်ကြီးလေးစားမှုကို ရယူနိုင်ခဲ့ပြီး ၎င်းတို့၏ အားကစားဆိုင်ရာ မူဝါဒ များကိုပင် ပြောင်းလဲပြင်ဆင်ခဲ့ရသည့် အခြေအနေသို့ ဆိုက်ရောက်စေခဲ့ပါသည်။
၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၂၂ ရက် နေ့အထိ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် တတိယအကြိမ် လက်ခံကျင်းပခွင့်ရခဲ့သည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ငွေဆောင်တို့တွင် လေးနေရာခွဲ၍ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေ၌ ကျင်းပသည့် ရွက်လှေ အားကစားနည်းတွင် ရွှေ နှစ်၊ ငွေ တစ်၊ ကြေး နှစ် ဆွတ်ခူးပေးနိုင်ခဲ့သည့်အပြင် တရားမျှတဂုဏ်သိက္ခာ မြင့်မားစွာ လက်ခံကျင်းပပေးနိုင်မှု၊ မြန်မာလူမျိုးတို့၏ ဧည့်ဝတ်ကျေပွန်မှု၊ ရင်းနှီးဖော်ရွေမှုတို့ကို ဖော်ထုတ်ပြသမှုတို့ဖြင့် နိုင်ငံ၏ဂုဏ်ကို မြှင့်တင်ပေး နိုင်ခဲ့ပါသည်။
ထို့ပြင် ရွက်လှေအားကစားနှင့် ပတ်သက်၍လည်း နိုင်ငံတကာမှ ထင်ရှားသည့်ရွက်လှေအားကစားသမားတာဝန်ရှိသူများ၊ အထင်ကရပုဂ္ဂိုလ်များကပင် ချီးမွမ်းထောမနာပြုခြင်းကို ခံယူခဲ့ရသည်။ ဤအရာသည်ပင် မြန်မာ့ရွက်လှေအားကစားအဆင့်အတန်း မြင့်မားမှုကို ထုတ်ဖော်ပြသနိုင်ခဲ့ပြီး ယှဉ်ပြိုင်ဘက် နိုင်ငံများ၏ အထင်ကြီးလေးစားမှုနှင့်အတူ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် အပြန်အလှန်ချစ်ခင် လေးစားမှုကို တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ပါသည်။
အထူးသဖြင့် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပ ခွင့်ရသည့်နိုင်ငံဖြစ်သော်လည်း တစ်ဖက်သတ်အခွင့် အရေးမယူဘဲ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်(MYF) ၏ ဂန္ထဝင် Rater လှေများကို မဲနှိုက်ရွေးချယ်ယှဉ်ပြိုင်ခြင်း၊ အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးများက သမာသမတ်ကျနစွာ ဆုံးဖြတ်စေခြင်း၊ ငွေဆောင်၏ သဘာဝကိုထိတွေ့မှုရစေရန် Pre SEA Games ပြိုင်ပွဲကို ရှစ်လခန့် ကြိုတင်မိတ်ဆက်ပေးခြင်း၊ နိုင်ငံတကာရွက်လှေပြိုင်ပွဲများ၏ စည်းမျဉ်း စည်းကမ်းနှင့်အညီ Host Club (Ngwe Saung Yacht Club) ကို အခက်အခဲများကြားမှ ပြိုင်ပွဲအမီ ပြီးစီးရန် ငွေကျပ်သန်းပေါင်း ၁၅၀၀၀ ကျော် အကုန် အကျခံ တည်ဆောက်ကျင်းပနိုင်ခြင်းတို့ကြောင့် ဖြစ်ပါသည်။
ထို့အတွက် ငွေဆောင်၌ကျင်းပသည့် 27th SEA Games ရွက်လှေပြိုင်ပွဲအပြီး Vice - President of the International Sailing Federation (ISAF), (IOC) Member နှင့် Singapore Sports Council Chairman အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် Ng Ser Miang က “Especially with the hosting of the SEA Games , and with the great facilities in place will enable Myanmar to host future regional, continental and even global sailing events’’ (အထူးသဖြင့် ဆီးဂိမ်းစ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းနှင့်အတူ ကြီးကျယ်ခမ်းနားသော အဆောက်အအုံများဖြင့် မြန်မာနိုင်ငံသည် အနာဂတ် ဒေသတွင်း၊ တိုက်ကြီးနှင့် ကမ္ဘာလုံးဆိုင်ရာ ရွက်လွှင့် ပွဲများကိုပင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်မည် ဖြစ်သည်)ဟု မှတ်ချက်ပြုပြောကြားခဲ့ပါသည်။
ရွက်လှေအားကစားနှင့်ပတ်သက်လျှင် မြန်မာ့ရွက်လှေအားကစားအဆင့်အတန်းသည် အဖွဲ့ဝင် ၁၁ နိုင်ငံ အနက် အာရှအဆင့်၊ ကမ္ဘာ့အဆင့်ထိပ်တန်း ရောက်နေသည့် ထိုင်း၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ မလေး ရှား၊ အင်ဒိုနီးရှားနိုင်ငံများနှင့် တန်းတူရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်စွမ်းရှိသည်ဟု ဆိုနိုင်ပါသည်။
ယခုကျင်းပမည့် 33rd SEA Games ရွက်လှေ ပြိုင်ပွဲတွင်လည်း ပထမဆုံးထည့်သွင်းကျင်းပမည့် SSL 47 Class တွင် အိမ်ရှင်ထိုင်းနိုင်ငံက မြန်မာနိုင်ငံ ကို SEA Games ရွက်လှေအားကစား ဦးဆောင်နိုင်ငံ အဖြစ်လည်းကောင်း၊ ၎င်းတို့၏ ဘုရင့်မိဖုရားကြီး ကိုယ်တိုင် စီးနင်းယှဉ်ပြိုင်မည်ဖြစ်ခြင်းကြောင့် လည်းကောင်း အထူးတလည် ဦးစားပေးဖိတ်ခေါ် ခဲ့ခြင်းဖြစ်ပါသည်။
မြန်မာ့ရွက်လှေအားကစား ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာအလယ်တွင် ဝင့်ထည်စေရေးအတွက် ဦးဆောင်တာဝန်ယူသူများက စဉ်ဆက်မပြတ် လိုအပ် သည်များ ပံ့ပိုးဆောင်ရွက်ခဲ့ကြရာ၌ ၁၉၅၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ လှေလှော် ရွက်တိုက်အဖွဲ့ချုပ် (Burma Rowing & Yachting Federation) ကို ၁၉၉၁ ခုနှစ်တွင် ဒုတိယဗိုလ်မှူးကြီး သိန်းထွန်း(ရေ)က ဥက္ကဋ္ဌတာဝန်ယူစဉ် ရွက်လှေနှင့် လှေလှော်အားကစားနည်း နှစ်မျိုးစလုံး အရှိန်အဟုန်ဖြင့် မြှင့်တင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံ အမျိုးသားအိုလံပစ်ကောင်စီက မြန်မာနိုင်ငံရွက်လှေ အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်ဟူ၍ သီးခြားစီခွဲကာ ဖွဲ့စည်းပေးခဲ့ပါသည်။
ယခု ထိုင်းနိုင်ငံ၌ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးအတွက် မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်က အတန်းအစား အလိုက် ယှဉ်ပြိုင်ကြမည့် မြန်မာရွက်လှေအားကစားသမားများကို ပြိုင်ပွဲအတွက် ချမှတ်ထားသည့် အခြေခံမူစည်းမျဉ်းများအတိုင်း စနစ်တကျရွေးချယ် ခဲ့ပြီး 33rd SEA Games ပြိုင်ပွဲဝင် မြန်မာ့ရွက်လှေ အသင်းအနေဖြင့် နှစ်နှစ်ခန့်အချိန်ယူကာ ကြိုတင် ပြင်ဆင်ခဲ့ရပါသည်။ ၂၀၂၃ ခုနှစ် မတ်လမှစတင်၍ ပြည်တွင်း Ngwe Saung Sea Training လေ့ကျင့် ယှဉ်ပြိုင်လူရွေးပွဲများ၊ Dinghy Sailing Class များ အတွက် ပြည်ပပြိုင်ပွဲ ပူးတွဲလေ့ကျင့်မှုများကို ယခု SEA Games မတိုင်မီကာလအထိ စုစုပေါင်း ၁၅ ကြိမ် စေလွှတ်ခဲ့ပြီး Keelboat လေ့ကျင့်မှုကို သတ်မှတ် ကာလအတိုင်း လေ့ကျင့်ယှဉ်ပြိုင်မှုအပါအဝင် လက်ရှိအချိန်အထိ စုစုပေါင်း အမေရိကန်ဒေါ်လာ လေးသိန်းကျော်ကို မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ် ဥက္ကဋ္ဌက အကုန်အကျခံ ပံ့ပိုးလှူဒါန်းခဲ့ကြောင်း သိရပါသည်။
မြန်မာ့လက်ရွေးစင် ရွက်လှေအားကစားသမားများသည် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်၏ အစီအစဉ်တို့ဖြင့် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း ထိုင်းနိုင်ငံရှိ သတ်မှတ်ပင်လယ်ပြင်ဧရိယာ တို့၌ ကျင်းပတော့မည့် ရွက်လှေအားကစားနည်း ပြိုင်ပွဲများတွင် မြန်မာ့ဂုဏ်ကို ဆောင်နိုင်ရေး ကိုယ်စွမ်းရှိသမျှ ယှဉ်ပြိုင်ကြတော့မည်ဖြစ်ပါသည်။
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် အာဆီယံဒေသတွင်း၌ အမြင့်မားဆုံး အားကစား ပြိုင်ပွဲတစ်ခုဖြစ်သည့်အတွက် အားကစားနည်းမျိုးစုံမှ ပါဝင်ယှဉ်ပြိုင်ကြမည့်သူများက ယခုပြိုင်ပွဲမှ တစ်ဆင့်အာရှနှင့် ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲများအထိ ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး မျှော်မှန်းကြိုးပမ်းသွားကြရမည်ဖြစ်ပါသည်။
သို့ဖြစ်ရာ ပထမဆုံးအကြိမ် ထူးခြားစွာပါဝင်လာသည့် Keelboat ပြိုင်ပွဲအတွက် ထိုင်းပင်လယ် ပြင် လှိုင်းလေများအကြား လေ့ကျင့်လှုပ်ရှားရွက်လွှင့်နေသည့် Myanmar Team(SSL 47) နှင့်အတူကျန် Event လေးမျိုးတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် မြန်မာ ရွက်လှေအားကစားသမားများက SEA Games Thailand 2025 တွင် နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်ရုံ သာမက ရရှိလာခဲ့သည့် အတွေ့အကြုံကောင်းများကို ဘရာဇီးနိုင်ငံ၌ကျင်းပမည့် (SSL Gold Cup 2026) သို့ ဆက်လက်သယ်ဆောင်သွားနိုင်ပါစေကြောင်း နှင့် မြန်မာ့ရွက်လှေအားကစားက အရှေ့တောင် အာရှမှသည် ကမ္ဘာ့အဆင့်ဆီသို့ ရွက်လွှင့်ချီတက်ခရီးဆက်နိုင်ပါစေကြောင်း ဆန္ဒပြုရေးသားတင်ပြ လိုက်ရပါသည်။ ။


